(ပြည်တွင်း) သြဂုတ် ၁၈

တအောင်းလက်နက်ကိုင် TNLA နဲ့ ကိုးကန့်လက်နက်ကိုင် MNDAA တွေအနေနဲ့ ရှမ်းဒေသကအမြန်ဆုံးထွက်ခွာပေးကြဖို့ ကွန်ဟိန်းဒေသခံတွေ တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

ကွန်ဟိန်းမြို့က ဒေသခံပြည်သူ ၇၂၀ ဦးဟာ ဒီနေ့မနက် ၉ နာရီအချိန်ကစတင်ကာ ဟိတကာရီခန်းမဆောင်ကနေ မြို့အထွက် အောင်ရတနာသုခုဘုန်းတော်ကြီးကျောင်းထိ ပြည်ထောင်စုကားလမ်းမကြီးအတိုင်း ၄၅ မိနစ်အကြာ ချီတက် တောင်းဆိုဆန္ဒပြမှုတွေလုပ်ဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်းဆိုဆန္ဒပြမှုတွေလုပ်ဆောင်ခဲ့ကြတဲ့ ဒေသခံတွေရဲ့လိုလားချက်ကတော့ ရှမ်းပြည်သူလူထုအေးချမ်းစွာနေနိုင်ဖို့အတွက် TNLA နဲ့ MNDAAအဖွဲ့တွေ ရှမ်းဒေသကနေ အမြန်ဆုံးထွက်ခွာပေးရေးဖြစ်တယ်လို့ ဆန္ဒပြမှုမှာပါဝင်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။

ရှမ်းတိုင်းရင်သားတွေဟာ နှစ်ပေါင်းများစွာအေးအတူပူအမျှနေထိုင်ခဲ့ကြပေမယ့် TNLA နဲ့ MNDAAတေါဟာ ရှမ်းတိုင်းရင်းသားတွေအပေါ် အနိုင်ကျင့်နှိမ့်စက်တာ ရှမ်းအမျိုးသမီးတွေကို အဓမ္မအကြမ်းဖက်မှုတွေကျူးလွန်တာ ရှမ်းတွေရဲ့ဒေသတွေကိုအဓမ္မသိမ်းယူမှုတွေပြုလုပ်လာသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေပြုလုပ်လာတာကြောင့် အခုလို တောင်းဆိုဆန္ဒပြမှုတွေ လုပ်ဆောင်ရတာလို့လည်း ဆန္ဒပြမှုမှာပါဝင်သူတွေဆီက သိရပါတယ်။