တရုတ်ပညာရှင်များနှင့် ငလျင်ဒဏ်သင့်ရှေးဟောင်းအဆောက်အအုံများ ပြုပြင်နိုင်ရေးဆွေးနွေး


(ပြည်တွင်း) ဇွန်လ ၁၉

ငလျင်ဒဏ်သင့်ရှေးဟောင်းအဆောက်အအုံများ ပြုပြင်နိုင်ရေးအတွက်ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်ပြီး တရုတ်ပညာရှင်များနှင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲမှာ တရုတ်–မြန်မာ ချစ်ကြည်ရေးအနေနဲ့ မန္တလေးနန်းမြို့ရိုးပတ်လည်ဧရိယာရှိ မြို့ဝင်ပေါက်၊ သူရဲပြေး၊ သူရဲခို၊ ပြအိုး၊ ပြာသာဒ်၊ မီးတားအင်္ဂါ အပြည့်အစုံပါတဲ့ တစ်နေရာကို တရုတ်ပညာရှင်များက ပြုပြင်ပေး နိုင်ရန်ဆွေးနွေးခဲ့ပြီးတန်ဖိုးကြီးမားပြီး အနုလက်ရာရှိတဲ့ ရှေးဟောင်းအဆောက်အအုံများကို ပျက်ပုံအတိုင်း ထိန်းသိမ်းပြီး အန္တရာယ်ကင်းကင်းနဲ့ ထပ်မပြိုကျရန်လုပ်ဆောင်ရမည်ကို အကြံဉာဏ်ပေးစေလိုကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်ပညာရှင်အဖွဲ့က မြို့ရိုးမှာပျက်စီးခဲ့တဲ့အစိတ်အပိုင်းအားလုံးကို RC ကွန်ကရစ်နဲ့ ငလျင်ဒဏ်ခံနိုင်အောင် ရည်ရွယ်ပြီးမဆောက်သင့်ကြောင်း၊ ရှေးဟောင်းအဆောက် အအုံများကို ငလျင်ဒဏ်ခံနိုင်အောင် ဆောင်ရွက်ရန်မလိုဘဲ ရှေးမူမပျက်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဒါ့အပြင် RC ကွန်ကရစ်နဲ့ ဆောက်လိုက်ပါက မိုးရေ စိမ့်ဝင်လာတဲ့အခါ ရေပြန်မထွက်နိုင်ဘဲ မူလရှေးဟောင်း အုတ်ချပ်များ တဖြည်းဖြည်း ဆွေးမြေ့ပျက်စီးစေနိုင်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ ထိုနည်းတူရှေးဟောင်း အဆောက်အအုံများကို ပျက်စီးမှကာကွယ်ဆောင်ရွက်ခြင်းထက် ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းရေးဆောင်ရွက်ကာ ရှေးနည်းနှင့် သိပ္ပံနည်းပေါင်းစပ်ပြီး ဆောင်ရွက်ရန်လိုအပ်ကြောင်း နှစ်ဖွဲ့အကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်ပညာရှင်အဖွဲ့က ဇွန်လ ၁၀ ရက်က မန္တလေးမြို့ကို ရောက်ရှိလာခြင်း ဖြစ်ကာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးရှိ အင်းဝ၊ မက္ခရာ၊ စစ်ကိုင်း စတဲ့နေရာများက ရှေးဟောင်းအဆောက်အအုံ ၂၇ နေရာကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN