(ပြည်တွင်း) ဧပြီ ၂၄

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်က ဈေးဆိုင်တွေက အသစ်ပြုလုပ်မယ့် ဆိုင်နာမည်ဆိုင်းဘုတ်တွေမှာ တရုတ်စာနဲ့ ရေးထားတဲ့ နာမည်တွေကိုသာ ဦးစားပေးအသုံးပြုဖို့ စေခိုင်းနေတယ်လို့ သိရပါတယ်။

ရှမ်းစာနဲ့ အင်္ဂလိပ်စာ အသုံးပြုခွင့်ကို ကန့်သတ်တားမြစ်ထားပြီး မြန်မာစာ အသုံးပြုချင်ရင် တရုတ်စာကိုလည်း ထည့်သွင်းရေးသားရမှာဖြစ်တယ်လို့ MNDAA အရာရှိတွေက ပြောဆိုထားတယ်လို့ ရှမ်းပြည်အခြေစိုက် ရှမ်းသံတော်ဆင့်မီဒီယာရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

သိန္နီမြို့နယ်မှာ MNDAA အဖွဲ့ကို အခွန်မျိုးစုံ ပေးဆောင်နေရတဲ့အပြင် ကား၊ ဆိုင်ကယ်၊ ဈေးဆိုင်ခန်းနဲ့ တစ်ပိုင်တနိုင် ဈေးသည်တွေကအစ MNDAA က ဖွင့်လှစ်ထားတဲ့ ရုံးမှာ အခွန် သွားရောက်ပေးဆောင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။
ပျက်စီးသွားတဲ့ သိန္နီမြို့မဈေးထဲက မူလဆိုင်ခန်းနေရာမှာ ပြန်လည်ဖွင့်လှစ် ရောင်းချနေတဲ့ ဈေးသည်တွေကို ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က ကိုးကန့်တပ်ဖွဲ့ MNDAA အဖွဲ့ဝင်တွေက လာရောက်နှင်ထုတ်ခဲ့ပြီး ၎င်းတို့ အသစ်ဖွင့်လှစ်ထားတဲ့ ပန်လော့ရွာဘက်ကို သွားရောက်ရောင်းချခိုင်းနေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“ဧပြီလကုန် ၂၈ ရက် နောက်ဆုံးထားပြီး မြို့မဈေးထဲက ဈေးသူဈေးသားအားလုံး ဖယ်ရမယ်။ ၁၉ ရက်နေ့က ဈေးထဲ အစည်းအဝေး လုပ်ကြတာ မြို့မဈေးကို ၁၀၀ ရာခိုင်နှုန်း ဆုံးရှုံးရမယ်။ ဆိုင်ခန်းအစားထိုး ပေးမလား ဒါမှမဟုတ် လျော်ကြေးပေးမလား ရွေးချယ်စရာ နှစ်မျိုးပဲ ရှိတယ်၊ လောလောဆယ်တော့ စာတင်ထားတယ်”လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ဈေးသည်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်နဲ့ အင်တာဗျူး ဖြေဆိုထားပါတယ်။
သိန္နီမြို့နယ်ကို အုပ်ချုပ်နေတဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေဆီမှာ လေလံအောင်ထားတဲ့ တရုတ်လောပန်း လုပ်ငန်းရှင်တွေ အသစ်ပြန်လည်တည်ဆောက်ထားတဲ့ ဈေးသစ်မှာပေးဆောင်ရမယ့် ဈေးဆိုင်ခန်း အခွန်အခမှာ များပြားနေတာကြောင့် ဈေးသည်တွေမှာ အခက်တွေ့နေတယ်လို့လည်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews