လန်ဒန်ထိပ်သီးဆွေးနွေးပွဲ၌ ချမှတ်ခဲ့သည့် အီးယူခေါင်းဆောင်များ၏ဆုံးဖြတ်ချက်က မှန်ကန်မှုမရှိသည့်အပြင် အန္တရာယ်ရှိဟု အော်ဘန်ဆို


(နိုင်ငံတကာ) မတ် ၄

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပသည့် ယူကရိန်းနိုင်ငံဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ၌ချမှတ်ခဲ့သည့် အီးယူ ခေါင်းဆောင်များ၏ဆုံးဖြတ်ချက်သည် မှန်ကန်မှုမရှိသည့်အပြင် အန္တရာယ်ကြီးမားသည်ဟု ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က မတ်လ ၃ ရက်တွင်ပြောကြား ထားပါသည်။

အီးယူနိုင်ငံများမှခေါင်းဆောင်များသည် ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုပြီး တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခြင်းသည် ယူကရိန်းအားလက်နက်ကိုင် ပဋိပက္ခအတွင်းသို့ ဆက်လက်တွန်းပို့နေခြင်းဖြစ်သောကြောင့် မှားယွင်းကြောင်း၊ ဟန်ဂေရီနိုင်ငံအနေဖြင့် ငြိမ်းချမ်း ရေးဘက်တွင်သာ ရပ်တည်လျက်ရှိကြောင်း အော်ဘန်က ဆက်ပြောသည်။

ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီများ ဆက်လက်ပေးအပ်ရေးနှင့်စပ်လျဉ်း၍ လန်ဒန်မြို့၌ မတ်လ ၂ ရက် က ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် အီးယူအဖွဲ့မှတာဝန်ရှိသူများက အော်ဘန် အား ဖိတ်ကြား ခဲ့သော်လည်း ဟန်ဂေရီနိုင်ငံက ယင်းဆွေးနွေးပွဲသို့တက်ရောက်ရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။

ဟန်ဂေရီအစိုးရ သည် ရုရှားနှင့်အမေရိကန်ပြည်ထောင်စုတို့ကြား စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်းကို ထောက်ခံလျက်ရှိပြီး အဆိုပါအင်အားကြီး နှစ်နိုင်ငံကြားကျင်းပသည့် စေ့စပ်ဆွေးနွေးမှုများသည် နောက်ပိုင်းတွင် ယူကရိန်းပဋိပက္ခအား ငြိမ်းချမ်းစွာဖြေရှင်းနိုင်စေရန် အထောက်အကူပြုနိုင်သည်ဟု ယုံကြည်လျက်ရှိသည်။

လန်ဒန်မြို့၌ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲသို့ ဂျာမနီ၊ ဒိန်းမတ်၊ စပိန်၊ နယ်သာလန်၊ အီတလီ၊ နော်ဝေ၊ ပိုလန်၊ ပြင်သစ်၊ ချက်သမ္မတနိုင်ငံအပါအဝင် အီးယူနိုင်ငံများနှင့် ကနေဒါနိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ဥရောပနိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံသို့ ပဋိပက္ခပြီးဆုံးသည့်အချိန်အထိ စစ်လက်နက်များထောက်ပံ့ နိုင်ရေးအတွက် အစီအစဉ်များချမှတ်ရန် ရည်ရွယ်ထားသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမားက ပြောကြား ခဲ့ကြောင်း Tass သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN