အမေရိကန်ကို လက်တုန့်ပြန် အခွန်စည်းကြပ်မည်ဖြစ်ကြောင်း တရုတ် မက္ကဆီကိုနှင့်ကနေဒါကြေညာ


(နိုင်ငံတကာ) မတ် ၄

တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ သွင်းကုန်များအပေါ် အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုအသက်သွင်းပြီးနောက် အဆိုပါနိုင်ငံများမှ လက်တုန့်ပြန်မည်ဟု အသီးသီးထုတ်ပြန်ခဲ့သည်။

ထရန့်သည် ကနေဒါနှင့် မက္ကဆီကိုနိုင်ငံအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံအား ယခင်က ၁၀ ရာခိုင်နှုန်းအစား ၂၀ ရာခိုင်နှုန်း ပြင်ဆင်သတ်မှတ်ကာ ယခင်လထက် နှစ်ဆတိုးစည်းကြပ်ခဲ့သည်။

အဆိုပါ အခွန်စည်းကြပ်မှုများ အသက်သွင်းပြီးနောက် ကနေဒါက အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံတန်ဖိုးရှိ သွင်းကုန်များအား အခွန် ၂၅ ရာခိုင်နှုန်းစည်းကြပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံကလည်း လက်တုန့်ပြန် အခွန်စည်းကြပ်မည်ဟု ထုတ်ပြန်ခဲ့သည်။

တရုတ်နှင့် ကနေဒါနိုင်ငံများမှ အမေရိကန်ကို တုန့်ပြန်ပြီးနောက် မက္ကဆီကိုကလည်း အမေရိကန်ကို လက်တုန့်ပြန်မည့်အစီအစဉ်အား ယနေ့ အင်္ဂါနေ့တွင် ကြေညာမည်ဖြစ်ကြောင်းသိရသည်။

မက္ကဆီကို သမ္မတ Claudia Sheinbaum က ၎င်းတို့အနေဖြင့် အရေးပေါ်အစီအစဉ်များပြုလုပ်ထားပြီး ယခုကဲ့သို့ အခြေအနေတွင် တည်တည်ငြိမ်ငြိမ်နှင့် စိတ်ရှည်ရန်လိုအပ်ပြီး Plan A,B,C,D ပင်ရှိကြောင်း ပြောဆိုထားသည်။

သမ္မတထရန့်၏ အခွန်စည်းကြပ်မှုသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ထိခိုက်နိုင်ကြောင်း လေ့လာသူများက သုံးသပ်နေပြီး အမေရိကန် သွင်းကုန် လုပ်ငန်းရှင်များကလည်း စိုးရိမ်နေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN