ICC အပေါ် ပိတ်ဆို့မှုချမှတ်သည့် အမိန့်ကြေညာချက်အား ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၈

အမေရိကန်နှင့် မဟာမိတ်နိုင်ငံများအပေါ် တရားမဝင်တိုက်ခိုက်မှုများ လုပ်ဆောင်မှုကြောင့် အပြည်ပြည် ဆိုင်ရာရာဇဝတ်တရားရုံး(ICC)အပေါ် ပိတ်ဆို့မှုချမှတ်သည့် အမိန့်ကြေညာချက်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

ICC ၏ လုပ်ဆောင်ချက်များသည် အမေရိကန်နှင့်မဟာမိတ် အစ္စရေးနိုင်ငံအပေါ် အကြောင်းမဲ့တိုက်ခိုက် နေခြင်းဖြစ်သည်ဟု ယုံကြည်သောကြောင့် ယင်းအဖွဲ့အပေါ် ပိတ်ဆို့မှုများချမှတ်ခြင်းဖြစ်ကြောင်း ထရမ့် က လက်မှတ်ရေးထိုးခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါအမိန့်ကြေညာချက်ကို ဖေဖော်ဝါရီလ ၆ ရက်တွင် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ICC ၏ ဆောင်ရွက်မှုများသည် အမေရိကန်ပြည်ထောင်စု၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် တိုက်ခိုက်ခြင်းဖြစ်ပြီး အမေရိကန်အစိုးရ၏ အရေးကြီးသောလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကိုပါ လျော့ပါး စေကြောင်း ထရမ့် ကဆက်ပြောသည်။

ထရမ့် ၏ အမိန့်ကြေညာချက်အရ အမေရိကန်အစိုးရအနေဖြင့် ICC မှအရာရှိများ၊ ဝန်ထမ်းများ၊ ကိုယ်စား လှယ်များနှင့် ၎င်းတို့၏မိသားစုဝင်များအား အမေရိကန် ပြည်ထောင်စုသို့ ဝင်ရောက်ခွင့်ကိုဆိုင်းငံ့ခြင်း၊ အဆောက် အအုံနှင့်ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဂဲလန့် တို့အား အရပ်သားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ICC က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် ဖမ်းဆီးမိန့်ထုတ်ပြန်ခဲ့ပြီး ICC ၏ အဆိုပါ ဆုံးဖြတ်ချက်ကို ဗြိတိန်၊ နယ်သာလန်နှင့် အက်စတိုးနီးယားနိုင်ငံတို့က ထောက်ခံခဲ့သော်လည်း အမေရိကန်နှင့် ပြင်သစ်နိုင်ငံ တို့က ဆန့်ကျင်ခဲ့ကြောင်း သိရသည်။

ICC အပေါ် ပိတ်ဆို့မှုချမှတ်သည့် ထရမ့် ၏ ကြေညာချက်ကို ၎င်းအဖွဲ့ကြီးက ဖေဖော်ဝါရီလ ၇ ရက်တွင် ဝေဖန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN