ရွှေညောင်တွင် ကားအပိုပစ္စည်းဆိုင်ရှင် လင်မယား ဓားထိုးခံရပြီး ဇနီး သေဆုံး

(မှုခင်း) ဇူလိုင် ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ကားအပိုပစ္စည်းဆိုင်ပိုင်ရှင် လင်မယား ၂ ဦး ဓားထိုးခံရကြောင်း သိရသည်။

ဇူလိုင်လ ၃၀ ရက်၊ နံနက်ပိုင်းကရွှေညောင်မြို့၊ ဓနသိဒ္ဓိရပ်ကွက်၊ နယ်မြေ (၂)၊ နိဗ္ဗာန်လမ်းရှိ ဂျပန် ကားအပိုပစ္စည်းအရောင်းဆိုင် ပိုင်ရှင် ဦးခင်မောင်ညိုနှင့် ဒေါ်ရင်ရင်ဥ တို့ ၂ ဦးအား ရွှေညောင်မြို့၊ မင်္ဂလာရွှေဗဟိုရ်ရပ်ကွက်၊ နယ်မြေ (၂)နေ သန့်ဇင်ဖြိုး ဆိုသူက ဓားဖြင့် ထိုးခဲ့ရာ ဆိုင်ပိုင်ရှင်၏ဇနီးဖြစ်သူ ဒေါ်ရင်ရင်ဥ တွင် လည်ပင်းဝဲဘက်ထိုးသွင်း ဒဏ်ရာ ၃ ချက်၊ ဝဲပုခုံးထိုးသွင်းဒဏ်ရာ ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ နှင့် ဆိုင်ပိုင်ရှင် ဦးခင်မောင်ညို တွင် နဖူးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာမျက်လုံး အောက် ပြတ်ရှဒဏ်ရာ ၁ ချက်၊ဦးခေါင်းထိပ် ပေါက်ပြဲ ဒဏ်ရာ ၁ ချက်၊ လည်ပင်း ထိုးသွင်းဒဏ်ရာ ၁ ချက် (စိုးရိမ်ရ) ရရှိခဲ့သည်။

ဓားထိုးခံရသူ လင်မယားနှစ်ဦးအား ရွှေညောင် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် ဇနီးဖြစ်သူဒေါ်ရင်ရင်ဥမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပြစ်မှု ကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုရာ တာဝန်ရှိသူများမှ CCTV မှတ်တမ်းများ၊ ပတ်ဝန်းကျင် နေအိမ်များအား လိုက်လံရှာဖွေခဲ့ရာ အခင်းဖြစ်နေအိမ်၏ မြောက်ဘက် တစ်ခြံကျော် နေအိမ် အောက်ထပ်တွင် ပုန်းအောင်နေသော သန့်ဇင်ဖြိုးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက်ဖမ်းဆီးရမိသူ သန့်ဇင်ဖြိုးအား စစ်ဆေးမေးမြန်းချက်အရ လွန်ခဲ့သည့် ၂ ရက်ခန့်က ကားအပိုပစ္စည်း ဝယ်ယူရာတွင် ဈေးကြီးကြောင်း ပြောဆိုရာမှ စကားများသည့် ကိစ္စအား မကျေနပ်သဖြင့် ၎င်းတွင်အသင့်ပါလာသော ဓားဖြင့် ဆိုင်ပိုင်ရှင်၏ ဇနီးဖြစ်သူ ဒေါ်ရင်ရင်ဥ အား ဓားဖြင့် ၄ ချက်ခန့် ထိုးခဲ့ပြီး ဆိုင်ပိုင်ရှင် ဦးခင်မောင်ညို ရောက်ရှိလာသဖြင့် ဓားဖြင့်ထိုးရာ ဦးခင်မောင်ညိုမှ ပြန်လည်ခုခံသဖြင့် ဓား ကွေးကောက်သွားခဲ့ပြီး အနီးရှိ ကားအပိုပစ္စည်း ဒူးဆစ်ဖြင့် ဦးခေါင်းအား ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကားပစ္စည်းဆိုင်ပိုင်ရှင် လင်မယား ၂ ဦးအား ဓားဖြင့်ထိုးခဲ့သူ သန့်ဇင်ဖြိုးကို ရွှေညောင် မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram….
https://t.me/positiveanglenews

PAN