(မှုခင်း) ဇူလိုင် ၃၀
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ငွေကျပ် (၁ ဒသမ ၅) ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ လယ်ဝေးမြို့နယ်၊ ကြာကန်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးစဉ် ကျော်ဝင်း (ခ) မနိုး မောင်းနှင်လာပြီး မင်းမင်းဟန်၊ အောင်ကိုကို (ခ) အောင်ကို၊ အေးကြိုင် နှင့် သန်းဇော်တို့ လိုက်ပါလာသည့် TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား (၁၀) သိန်း (ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅ ဘီလျံ) နှင့် လက်ကိုင်ဖုန်း (၆) လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ သိုဝှက်သယ်ဆောင်လာသူများဖြစ်သော အသက် ၄၀ နှစ်အရွယ် ကျော်ဝင်း (ခ) မနိုး၊ အသက် ၅၀ နှစ်အရွယ် မင်းမင်းဟန်၊ အသက် ၃၃ နှစ်အရွယ် အောင်ကိုကို (ခ) အောင်ကို၊ အသက် ၄၈ နှစ်အရွယ် အေးကြိုင် နှင့် အသက် ၅၁ နှစ်အရွယ် သန်းဇော်တို့ကို သာဝတ္ထိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံများကို ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ဇူလိုင် ၂၅ ရက်တွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ငွေကျပ် ၃၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့များထံမှ သိရသည်။

Telegram – t.me/positiveanglenews
#PAN