ခေါင်းဆောင်မှု ဗဟုသုတ

(ဆောင်းပါးကဏ္ဍ) ဖေဖော်ဝါရီ  ၅
ဗညားကျန်းထော

       ကိုယ့်လူရ ခေါင်းဆောင်မှုအကြောင်းတွေကိုရေးကောရေးလှချည်လားလို့ သူငယ်ချင်း ရင်းနှီးသူအချို့က မေးပါတယ်။ ဘာဖြစ်လို့ခေါင်းဆောင်မှုအကြောင်းတွေ ရေးရေးနေရတာလဲဆိုတဲ့သဘော မေးတယ်ပေါ့။ ခေါင်းဆောင်မှုပညာဆိုတာ မိမိဘဝကို ထိန်းကျောင်းတည့်မတ် တည်ဆောက်တာ အပါအဝင်သိထားရင် အင်မတန်အကျိုးတန်ဖိုးရှိတဲ့ အသိပညာဖြစ်သလို မသိမမြင်ရင်လည်း အချိန် ဘယ်လောက်ကုန်ကုန်၊ ငွေဘယ်လောက်ကုန်ကုန်၊ လူဘယ် လောက်ပဲ အပင်ပန်းခံလုပ်စေကာမူ မရဘဲ ရှုံးနိမ့်ကျဆင်းနေတတ်တာမို့ လေ့လာအပ်တဲ့ လူတိုင်းလိုအပ်နေတဲ့ ဗဟုသုတမဟုတ်ပေဘူးလား။

      နိုင်ငံရေးခေါင်းဆောင်မှ၊ စစ်ဗိုလ်ချုပ်ကြီးတွေမှ ခေါင်းဆောင်မှု ပညာက သိရမှာမဟုတ်ပါ။ ဈေးသည်ပဲ ဖြစ်ဖြစ်၊ မူလတန်းပြကျောင်း ဆရာမပဲဖြစ်ဖြစ်၊ ဈေးရုံမှာ ကုန်ထမ်းနေတဲ့ လူပဲဖြစ်ဖြစ် လူအများနဲ့ထိတွေ့ဆက်ဆံရတဲ့နေရာမှာခေါင်းဆောင်မှု အကြောင်း အရာက သိလေလေ အကျိုးရှိရှိအသုံးချနိုင်လေလေ၊ အဆင်ပြေလေပဲ။

       သို့ပေမယ့် နေရာဌာန၊ အချိန်ကာလ၊ လူနဲ့ ပတ်ဝန်း ကျင်ကတော့ မတူနိုင်ပေဘူးပေါ့။ ဥပမာတစ်ခုပြောမယ်။ အမေရိကန်ပြည်ထောင်စုရဲ့ နှစ်ဆယ်ရာစုထဲမှာ နိုင်ငံကို ကောင်းမွန်တိုးတက်အောင်ဦးဆောင်နိုင်ခဲ့တဲ့ သမ္မတအိုက်ဆင်ဟောင်ဝါ(၁၈၉၀-၁၉၆၉)ဆိုတာ ၁၉၅၃ ကနေ ၁၉၆၁ အထိ သမ္မတနှစ်ဆက် လုပ်သွားဖူးတဲ့ ခေါင်းဆောင်တစ်ဦးဆိုတာ ကြားဖူးမှာပေါ့။ အမေရိကန်တိုင်း သိကြတယ်။သူ့ကိုလေးစားကြပါတယ်။ ချစ်ခင်ကြတယ်။ သူက ဒုတိယကမ္ဘာစစ်
ကာလတုန်းက စစ်တပ်ဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်ခဲ့သူပါ။
       “ခေါင်းဆောင်မှုဆိုတာ မိမိဖြစ်ချင်တာ တစ်ခု ခုကို လူတစ်ယောက် သို့မဟုတ် လူအများကလည်း သူတို့ကိုယ်တိုင် ရွေးချယ်နှစ်သက် ဆုံး ဖြတ်ချက်နဲ့ ထိုအလုပ်ပြီးစီးထမြောက်အောင်လုပ်စေတဲ့နည်းကို တတ်ကျွမ်းခြင်း(Art of getting) ဖြစ်တယ်”တဲ့။ သိမ်မွေ့တယ်နော်၊ ဟေ့ကောင်တွေ ဒါလုပ်စမ်းဆိုပြီး အမိန့်ပေးတဲ့ လေသံနဲ့ အပြောခံရလို့ မျက်နှာထားအောက်သိုးသိုးနဲ့ စိတ်မပါလက်မပါ လုပ်နေကြရတာမျိုးဟာ ခေါင်းဆောင်မှုအနုပညာ အနှစ်သာရမပါတဲ့ အခြင်းအရာသဘောပဲ။

       အာဏာလုပ်ပိုင်ခွင့်ရတိုင်း ခေါင်းဆောင်မှုက ရချင်မှရတယ်။ ခေါင်းဆောင်မှုက နေရာ၊ ရာထူးမရှိပေမယ့်လည်း သူ့ကိုကြည်ညို နှစ်သက်ကြလို့ သြဇာရှိနေတာက ရှိနေတဲ့သဘောပဲ။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားသခင်ဟာ ဗုဒ္ဓဘာသာဝင် သူတော်စင်အားလုံးရဲ့ခေါင်းဆောင်ပဲလေ။ သူက ဆူလည်း မဆူပါဘူး။ တစ်ခွန်းမှ မာမာကျောကျောလည်း မဟောပြောပါဘူး။ မာန်မဲခြင်း၊ ငေါက်တတ်ခြင်းမျိုး လုံးဝမဆိုခဲ့ပါဘူး။ ကြည်ကြည်သာသာချိုချိုအေးနဲ့ “သဗ္ဗပါပဿ အကရဏံ။ ကုသလဿဥပသမ္ပဒါ။ သစိတ္တပရိယောဒါပနံ။” အနှစ်သာရအားဖြင့် သြဝါဒပါတိမောက်တွင် ဒီလိုစကားသုံးခွန်းသာ ဟောကြားတော်မူခဲ့တယ်။ သားတော်ရာဟုလာကို ကိုရင်(ရှင်သာမဏေ) ပြုပြီးစ သရက်တောကျောင်းမှာ ခုနစ်နှစ်သားအရွယ်နဲ့ ဆီ လျော်နားဝင်အောင် ဟောကြားတော်မူတာ
အမ္ဗလဋိကရာဟုလောဝါဒ သုတ္တံ(၁)မှာလည်း ဒါပါပဲ။
– မကောင်းမှုဟူသမျှ ရှောင်ပါ။
– ကောင်းမှုအပေါင်း ပြုမူဆောင်ရွက်ပါ။
– မိမိစိတ်ကို ဖြူစင်အောင် သတိပြုပါ။

        ဒီအဆုံးအမကို လိုက်နာကျင့်သုံးကြတဲ့အခါ ဆင်းရဲချမ်းသာ၊ လူမျိုး၊ ကျားမ၊အသက်အရွယ်၊ အသက်မွေးမှုမရွေး၊ အားလုံးသောလူသားတစ်ဦးချင်းစီက မုချလက်တွေ့ကောင်းကျိုးရရှိကြကာ မှန်ကန်တဲ့အတွက် သူတော်စင်များက ဗုဒ္ဓ ဘာသာ၊ ဗုဒ္ဓသာသနာကို နာခံကျင့်သုံးနေကြတာ အစဉ်အဆက် နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်တာရှည်ရှိခဲ့ပြီပဲ။
“ခေါင်းဆောင်ကောင်းရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်တဲ့လုပ်ရပ်က လုပ်ဆောင်ချက်ညံ့ဖျင်းတဲ့သူတွေကို လုပ်တာကိုင်တာကောင်းအောင်မှန်အောင်၊ လုပ်တတ်ကိုင်တတ်ဖြစ်လာအောင် ကူညီပေးဖို့နဲ့ ကောင်းကောင်းမွန်မွန် အလုပ်ကိုလုပ်တတ်ကိုင်တတ်ဖြစ်သူ၊ တော်သူတွေကိုလည်း ဒါ့ထက်ပိုကောင်းအောင်လုပ်ချင်အောင် ချီးမြှောက်အားပေးဖို့ပဲ ဖြစ်ပါတယ်။”တဲ့ ဂျွန်စီမက်ဇ်ဝဲလ် ဆိုတဲ့ ခေါင်းဆောင်မှုအကြောင်း ကမ္ဘာကျော်
အရောင်းရဆုံး စာအုပ်များ ရေးသားဟောပြောသူ (ခရစ်ယာန် တရားဟောဆရာ)က ရေးသားထားပါတယ်။

       သူပြောထားတဲ့ .. နောက်စကားတစ်ခွန်းကလည်း တော်တော်ကောင်းတယ်။ မှတ်သားလိုက်နာသတိထားစရာကောင်းတယ်။ ခေါင်း ဆောင်ဆိုတာ အသင်းသားတွေနဲ့ ဆက်စပ်ထိတွေ့နေနိုင်လောက်အောင် ရင်းနှီးနီးကပ်နေဖို့ လိုအပ်တယ်။ သူတို့ကို ရှေ့ဆောင်လမ်းပြလှုံ့ဆော်ပေးနိုင်လောက်အောင်လည်း ရှေ့ကို ဝေးဝေး (ဉာဏ်မြော်မြင်မှု) သူတို့ထဲမှာ ရောနှောနေခြင်းမရှိဘဲ ရှေ့ခပ်လှမ်းလှမ်းရောက်ပြီး ဦးဆောင်တတ်ရမယ်။

       ဒါဟာ အင်မတန်သိမ်မွေ့တဲ့ အကြံပြုစကားပဲ။ တပ်မတော်မှာအရာရှိတွေဟာ ရဲဘော်များနဲ့အရက်အတူခွက်လှည့်ကျသောက်ရင် အရိုအသေတန်မှာပဲ။ ခေါင်းဆောင်အပေါ်မှာ ရိုသေကိုင်းရှိုင်းမှု နည်းသွားမှာပဲ။ အရောဝင်လွန်းရင် အရိုသေတန်တယ်ဆိုတဲ့ မြန်မာဆိုရိုးစကားလိုပေါ့။ ဒါဆိုရင်အရာရှိက ရဲဘော်များနဲ့ ဝေးဝေးကင်းကင်းပဲနေရမှာလား မေးရင်တော့ အဲသလို မဆိုလိုပါဘူး။ မိဘနဲ့ သားသမီးလို၊ ညီရင်းအစ်ကို၊ မောင်နှမချင်းလို ရင်းရင်းနှီးနှီးတိုင်တိုင်ပင်ပင်၊ ပြောစရာရှိပြော၊ ရယ်စရာရှိ အတူရယ်မော။ ဒီလိုဆက်ဆံရေးမျိုး ရင်းနှီးမှုရှိရပါမယ်။ အချိန်အခါအခြေအနေနဲ့ မိမိနေရာ မိမိတာဝန်ကို သိကြရပေမယ်။

       အမြို့မြို့အရွာရွာမှာ အဖွဲ့အစည်း၊အသင်း အပင်းတွေ ရှိကြတယ်။ ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ်၊ ကိုယ့်လုပ်ငန်းစဉ်နဲ့ကိုယ်၊ ကိုယ့်အဖွဲ့အသင်းရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ အလုပ်လုပ်နေကြတာပဲ။ လှုပ်ရှားနေကြတာပဲ။ ဘယ်အချိန်အခါ ဘယ်အခြေအနေမှာ အောင်မြင်သလဲ။ အမှန်အတိုင်း ရလဒ်အဖြေကိုကြည့်ပြီး သုံးသပ်လိုက်ပါ။ အဖြေတစ်ခုတွေ့ရပါလိမ့်မယ်။ ဘာလဲဆိုတော့ – တွေ့တဲ့အတိုင်းပဲ။ ခေါင်းဆောင်ဦးစီးသူ၊ ဥက္ကဋ္ဌဖြစ်ဖြစ်၊ နာယကဖြစ်ဖြစ်၊ ထိပ်ဆုံးက တာဝန်ယူတာဝန်ခံသူက တော်ရင် တော်သလောက်၊ ကောင်းရင်ကောင်း သလောက် အောင်မြင်တိုးတက်တာပဲ။

      ခေါင်းဆောင်တာဝန်ယူသူက ညံ့ဖျင်းရင် ညံ့ဖျင်းတာနဲ့အမျှ ဖရိုဖရဲပရမ်းပတာ အဆုံးအရှုံး၊ ကျရှုံးတာတွေတွေ့ ရပေလိမ့်မယ်။ မန်ယူဘောလုံးအသင်းကို ပရိသတ်တွေက အားပေးကြတယ်။ ကြည့်ရတာကြိုက်ကြတယ်။ အဲလက်စ်ဖာဂူဆန်ဆိုတဲ့ နည်းပြ ဆရာအကြာကြီးကိုင်တွယ် ဦးဆောင်ခဲ့ချိန်မှာ ဆုတွေဖလားတွေအများကြီးရခဲ့တာ၊ အောင်မြင်မှုတွေ များခဲ့တာတွေ့လား။

       ဘောလုံးအသင်းတွေကို နည်းပြဆရာ မော်ရင်ဟိုတို့၊ ဇီဒန်းတို့စသဖြင့် ခေါင်းဆောင်ကောင်းရတဲ့အသင်းဟာ တိုးတက်လာတာသိသာတယ်။ နည်းပြက ပျော့ညံ့တယ်။ အုပ်ချုပ်ပုံ၊ လေ့ကျင့်ပေးပုံ အားနည်းတယ်ဆိုရင်ကန်သမျှ ဘောလုံးပွဲတွေအရှုံးချည်းပဲကြုံရတော့တာ ထင်ရှားမြင်သာတယ်။

       ခေါင်းဆောင်မှုအရည်အသွေးဆိုတာက ဘောလုံးအသင်းမှာမှ အရင်းအမြစ် ဖြစ်တာမဟုတ်ဘူး။ မိသားစုတစ်စုအတွင်း အိမ်ထောင်ဦးစီးကောင်းလို့ ချမ်းသာပြည့်စုံတာ တွေ့ကြုံရသလိုအရက်သမား၊ ဖဲသမား၊ လူလိမ်လူကောက် အိမ်ထောင်ဦးစီးယောကျာ်းနဲ့ တွေ့တဲ့အမျိုးသမီးဘဝဆိုလည်း လင်ဆိုးမယား တဖားဖားနဲ့ မွဲတေစုတ်ပြတ်နေတော့ တာပဲလေ။

       ဌာနဆိုင်ရာရုံးတွေလည်း ဒီလိုပဲ။ မြို့နယ်ဆို မြို့နယ်၊ ခရိုင်ဆိုခရိုင်၊ ညွှန်ကြားရေးမှူးတို့၊ ဦးစီးအရာရှိတို့၊ သူ့ရုံးမှာရှိတဲ့ တာဝန်အရှိဆုံး၊ ရာထူးအမြင့်ဆုံးလူရဲ့ ခေါင်းဆောင်မှုက အဓိကပဲ။

       အဲဒီရုံးမျိုးဆီကို အလုပ်ကိစ္စနဲ့လာရမှာဆိုရင် ပြည်သူလူထုက ကျားမြီးကို ဆွဲလိုက်ချင်သေးတယ်။ မာထန်ထန်နဲ့ မျက်နှာပေါက်ဆိုးဆိုး သူတို့ရဲ့ လေသံတွေကို ဘယ်သူကမှ မကြားချင်မကြည့်ချင်ကြဘူး။

       သူတို့က သူ့အလုပ်သူမလုပ်ဘဲ စုထိုင်ပြီး သူများအတင်းတွေ မေးငေါ့ပြောဆိုပုတ်ခတ်နေကြတာနဲ့ အချိန်ဖြုန်းနေကြတာ။ သူတို့ရုံးနဲ့ဆက်ဆံဆက်သွယ်ရတာမို့ မဖြစ်မနေ လာရရှာတဲ့ သာမန်ပြည်သူတွေကို လက်အောက်ခံအဆင့် အတန်းလို ငုံ့ကြည့်ပြီး ဘာပေးစရာပါလဲ(Under Table)လက်ဆောင်ပစ္စည်းပါရင် ကြည်သာတယ်။ လာခဲ့။ ဘာပေးစရာမှမပါဘဲ လာတဲ့လူထုဆိုရင် မျက်နှာထားတင်းတင်းနဲ့ နောက်အပတ်မှ လာခဲ့။ နောက်လမှလာခဲ့နဲ့ အဖက်မတန်သလိုဆက်ဆံတတ်ကြတယ်။

      အဲသလို ဝန်ထမ်းဆိုးအမျိုးမျိုးဟာ ရုံးအလုပ်ကို မချစ်မနှစ်သက်ခဲ့သူတွေ ဖြစ်လေတော့ အင်္ဂလိပ်လို Civil Diso bedient Movement ဆိုတဲ့ ဆန္ဒပြသပိတ်မှောက်ဆူပူမှုတွေထဲ ပါဝင်ပြီး အလုပ်ကထွက်ခွာသွားကြလေရဲ့။ ကုန်သွားပြီလားဆိုရင်တော့မပြောတတ်ပါ။ ခေါင်းဆောင်မှုညံ့ဖျင်းရင်တော့ ဦးကနင်း ပဲ့ကထောင်၊ ပဲ့ကိုနင်းဦးကထောင်နဲ့ပေါ့။

       လိုရင်းကိုတိုတိုနဲ့ ချုပ်ပြောရရင်တော့ အဆုံး အဖြတ် ပေးပိုင်ခွင့်ရှိတဲ့ ရာထူး၊ နေရာတွေမှာ အမြော် အမြင် ပြည့်ဝ၊ စိတ်ကောင်း စေတနာကောင်း စေတနာရှိကြတဲ့ ခေါင်းဆောင်ကောင်းတွေ တာဝန်ယူကြတဲ့ တစ်နေ့နေ့ကျရင်တော့ ပရမ်းပတာဖရိုဖရဲ၊ ကသောင်းကနင်းဖြစ်နေကြတာတွေ ရှင်းလင်းသွားပေလိမ့်လို့ အကောင်းဘက်က မျှော်လင့်ရတာပဲ။ ခေါင်း ဆောင်မှုဗဟုသုတကလူတိုင်းနဲ့ သက်ဆိုင်တာ ထင်ထင်ရှားရှား တွေ့မြင်ရလောက်ပါပြီနော်။

#PAN