(ပြည်တွင်း) ဇန်နဝါရီ ၂၀
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ မြေ၊ အဆောက်အဦနှင့် Taxi ယာဉ်များကို ၅ နှစ်နဲ့ ၃ နှစ် အသီးသီး လုပ်ကိုင်ခွင့်ပြုမယ့် လုပ်ငန်းများအတွက် ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ယူနေကြောင်း သိရပါတယ်။
အဆိုပါ လုပ်ငန်းများတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထိပ်ရှိ မြန်မာ့မီးရထားပိုင် မြေအကျယ်အဝန်း (အလျား ၈၀ ပေ၊ အနံ ၁၇ ပေ)နှင့် ယင်းမြေပေါ်ရှိ ၈ ခန်းပါ RC (၄)ထပ်အဆောက်အဦ ကြမ်းခင်းဧရိယာ ၅,၄၄၀ စတုရန်းပေ/မီတာနဲ့ ၅၀၅ ဒသမ ၅၈ စတုရန်းမီတာအား ရုံးခန်း၊ သင်တန်းကျောင်း၊ Showroom၊ ဈေးဆိုင်ခန်း၊ စားသောက်ဆိုင် လုပ်ငန်းများစတဲ့ လုပ်ငန်းတစ်ခု(သို့မဟုတ်) လုပ်ငန်းနှစ်ခု ပူးတွဲလုပ်ကိုင်ခွင့်အတွက် ကုမ္ပဏီအဖွဲ့အစည်း/ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ၅ နှစ်သက်တမ်းဖြင့် ငှားရမ်း လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ငှားရမ်းလုပ်ကိုင်ခွင့်အတွက် မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာ၊ စခန်းသာဧည့်ခန်းမ ဆောင်မှာ လာမည့် ဇန်နဝါရီလ ၃၁ ရက် နေ့လည် ၁ နာရီအချိန်မှာ လေလံစနစ်ဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
အလားတူ မြန်မာ့မီးရထားပိုင် လုပ်ငန်းသုံးခရီးသည်တင်ယာဉ် Taxi ၃၁ စီးကို Lot ၃ ခုသတ်မှတ်၍ ခရီးသည်တင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ရန် ၃ နှစ်သက်တမ်းဖြင့် ပြည်တွင်းပုဂ္ဂလိက အဖွဲ့အစည်းများသို့ ဈေးပြိုင်လေလံစနစ်ဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခြင်းအား ပြုလုပ်သွားမည်မှာဖြစ်ပြီး ၎င်းတင်ဒါအတွက် လာမည့် ဇန်နဝါရီ ၂၈ ရက် နေ့လယ် ၁ နာရီမှာ စီးပွားရေးဌာန၊ မြန်မာ့မီးရထားရုံးချုပ်၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သွား မယ်လို့ သိရပါတယ်။
၎င်းတင်ဒါများအတွက် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ကုမ္ပဏီအဖွဲ့စည်းများအနေဖြင့် တင်ဒါစည်းကမ်းချက် များနှင့် အဆိုပြုလွှာပုံစံများကို တစ်စုံလျှင် တစ်သိန်းကျပ်၊ ငါးသောင်းကျပ်တို့ဖြင့် ရန်ကုန်ရှိ မြန်မာ့မီးရထား၊ စီးပွားရေး ဌာန၊ စီးပွားရေးဌာနခွဲရုံးနှင့် ထောက်ပံ့ဌာနတို့မှာ အသီးသီးဝယ်ယူနိုင်ကြောင်းနှင့် အသေးစိတ်ကိုလည်း လူကိုယ်တိုင် (သို့မဟုတ်) ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews