(နိုင်ငံတကာ)ဇန်နဝါရီ ၁၅
ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ရှိ ကိုရီးယားသိပ္ပံနှင့် နည်းပညာဆိုင်ရာ အဆင့်မြင့်တက္ကသိုလ် (KAIST) လက်အောက်ရှိ ကိုရီးယားသိပ္ပံတက္ကသိုလ် (KSA) မှ အရည်အသွေးပြည့်မီသည့် နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းလခအပါအဝင် ပညာသင်ဆုအပြည့်အဝ (ပညာရေးအသုံးစရိတ်)ကို ပံ့ပိုးပေးသွားမှာဖြစ်လို့ မြန်မာနိုင်ငံသား များ လျှောက်ထားနိုင်ရန် ဖိတ်ကြားထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။
အဆိုပါဖိတ်ကြားစာမှာ ကိုရီးယားသိပ္ပံတက္ကသိုလ် (KSA)က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ သင်္ချာ ဘာသာရပ်နှင့် သိပ္ပံဘာသာရပ်တို့မှာ ထူးချွန်တဲ့ ကျောင်းသား/သူများအတွက် အထူးသင်ရိုးညွှန်းတမ်း တစ်ခု ဖြစ်ကြောင်း ဖော်ပြထားသလို KSA သည် နိုင်ငံတကာကျောင်းသား/ သူများအတွက် ကျောင်းလခအပါအဝင် ပညာသင်ဆုအပြည့်အဝ (ပညာရေးအသုံးစရိတ်) အား ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
အလားတူတက္ကသိုလ်ရဲ့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထူးချွန်တဲ့ ကျောင်းသား/သူများအနေနဲ့ အထူးအခွင့်အလမ်းများကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ်အတွက် KSA နိုင်ငံတကာ ကျောင်းဝင်ခွင့် လမ်းညွှန်ကို ကိုးကားအသုံးပြုနိုင်ရန် ပူးတွဲပေးပို့ထားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် လျှောက်ထားခွင့် Form များကို၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်၊ ကိုရီးယားစံတော်ချိန် ၁၇:၀၀ နာရီတွင် ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများအနေနဲ့ KSA ကျောင်းဝင်ခွင့်များနှင့် ပတ်သက်၍ သိရှိလိုသည့် မေးခွန်းများရှိပါက ဖုန်း ၈၂-၅၁-၆၀၆-၂၂၇၃, ၂၁၈၂ ၊ အီးမေးလ် [email protected] တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးကြေညာထားပါတယ်။
#PAN #ကိုရီးယားသိပ္ပံနှင့်နည်းပညာဆိုင်ရာအဆင့်မြင့်တက္ကသိုလ်(KAIST) #ကိုရီးယားသိပ္ပံတက္ကသိုလ်(KSA) #ပညာသင်ဆု #မြန်မာနိုင်ငံသား