ပဲခူးမြို့ ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် စတုတ္ထအကြိမ်မြောက် ဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ကျင်းပပြုလုပ်မည်

(ပြည်တွင်း) ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒစရိယဆရာတော်ကြီးများကြီးမှူး၍ သံဃာတော်အရှင်သူမြတ်များမှ စတုတ္ထအကြိမ်မြောက် မဟာဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲအား ဇန်နဝါရီလ(၂၀)ရက်နေ့မှ (၂၆)ရက်နေ့အထိ(၇)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

စတုတ္ထအကြိမ်မြောက် မဟာဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲအား ပဲခူးတိုင်းဒေသကြီးနှင့်တကွပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဘေးအန္တရာယ်ရန်အသွယ်သွယ်မှ မကပ်မရောက်ကင်းစင်လွင့်ပျောက်စေရန်နှင့် ရဟန်း၊ ရှင်၊လူ ပြည်သူအပေါင်း အသက်ရှည်စွာ အနာမရှိကြဘဲ ရောဂါဘေးဘယာများ ဝေးကွာစေခြင်း၊ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး နှစ်ပေါင်းများစွာ ရှည်ကြာ တည်တံ့စေနိုင်ရေး မျှော်ရည်မှန်း၍ သံဃာတော်အရှင်သူမြတ်များမှ ဗုဒ္ဓသာသနာတော်ကြီး၏ အဆီအနှစ်ဖြစ်သော မဟာပဌာန်းအဘိဓမ္မာဒေဿနာတော်ကြီးအား ရွတ်ဖတ်သရဇ္ဇျယ်ပူဇော်မည်ဖြစ်ပြီး နေရောင်လရောင်ပမာဝင်းပထွန်းတောက် ကောင်းကျိုးရောက်စေရန်ရည်သန်၍ စေတီတော်မြတ်ကြီး၏ရင်ပြင်ရှိ ရွှေကျောင်းတော်ကျောက်ပန်းတောင်းဓမ္မာရုံကြီးတွင် ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်(၅)နာရီအချိန်မှ (၂၆)ရက်နေ့ နံနက်(၅)နာရီအချိန်အထိ (၇)ရက်တိုင်တိုင်စဥ်ဆက်မပြတ်ရွတ်ဖတ်ပူဇော်ပြီး ဇန်နဝါရီလ(၂၆) ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ပင့်လျှောက်ထားသော သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများနှင့်စေတနာရှင် အလှူရှင်များမှ ဆေးပစ္စည်းများနှင့်ဒါတဗ္ဗဝတ္ထုအစုစုတို့အား လှူဒါန်းပူဇော်မည်ဖြစ်ကြောင်းသိရသည်။

ပုံ-ယမန်နှစ်ပကျင်းပခဲ့သောပုံ

#PAN #ပဲခူး #ဆေးပဌာန်း #ရွှေမော်ဓောစေတီတော်