နီပေါနိုင်ငံရှိ ရေအားလျှပ်စစ် ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေသူတစ်ဦးအား အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး နောက်တစ်ဦးအား ဆက်လက်ဆွဲထုတ်လျက်ရှိ

(နိုင်ငံတကာ) စက်တင်ဘာ ၄

နီပေါနိုင်ငံတွင် ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ Upper Trishuli 3A ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေသူများအနက် လူတစ်ဦးအား အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ်တစ်ဦးကိုလည်း ပြန်လည်ခေါ်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာ လွှတ်တော်အမတ်၏ ပြောကြားချက်အရ သိရသည်။

ဖြစ်စဉ်မှာ နီပေါနိုင်ငံ၊ ရာဆူဝါဒေသ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာမှ Upper Trishuli 3A ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ဥမင်လိုဏ်ခေါင်းအတွင်း သာမန်ပြည်သူများနှင့် စက်ရုံဝန်ထမ်းအချို့ ပိတ်မိသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အသက်ရှင်ကျန်ရစ်သူများကို စက်တင်ဘာလ ၃ ရက်နေ့မှစ၍ အရှိန်အဟုန်မြှင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရာ ဥမင်လိုဏ်ခေါင်းအတွင်းသို့ အခက်အခဲများကြားမှ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြတာဖြစ်ကြောင်း သိရသည်။

ထိုသို့ သွားရောက်ကယ်ဆယ်ခဲ့မှုကြောင့် ဒီကနေ့ စက်တင်ဘာလ ၄ ရက်တွင် ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေသူတစ်ဦးအား အသက်ရှင်လျက် ဘေးကင်းစွာ ကူညီကယ်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိနေသည့် အခြားတစ်ဦးကိုလည်း ဥမင်လိုဏ်ခေါင်းအတွင်းမှ အမြန်ဆုံး ခေါ်ထုတ်နိုင်ရန်အတွက် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။