(ပြည်တွင်း) ဇန်နဝါရီ ၁၂
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ (၁၁၉)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီလ ၂၄ ရက်ကနေ ၂၆ ရက်အထိ (၃)ရက်တိုင်တိုင် ပျော်ရွှင်ဖွယ်အစီအစဉ်များနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအနက် သက်တမ်းအရှည်ကြာဆုံးဖြစ်တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ ခုနှစ် ၌ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် (၁၁၉)နှစ် ပြည့်မြောက်မှာဖြစ်ပါတယ်။
အထိမ်းအမှတ်ပွဲတော်ကာလအတွင်း ဖျော်ဖြေရေးအစီအစဉ်များ၊ မျက်လှည့်အစီအစဉ်များနဲ့အတူ ဂျိုကာ ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေတင်ဆက်မှု၊ လက်ဆောင်များရယူနိုင်မယ့် ဗဟုသုတရဖွယ် game အစီအစဥ်များ၊ တိရစ္ဆာန် လေးတွေရဲ့ ဗဟုသုတရဖွယ် အကြောင်းအရာလေးများကို ဝေမျှပေးသွားမယ့် talk show အစီအစဉ်များကို ထည့်သွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တိရစ္ဆာန်လေးများနဲ့ ဓာတ်ပုံရိုက်ကူးနိုင်မယ့် အစီအစဉ်များ၊ ဂိမ်းအစီအစဥ်များ၊ လက်ဆောင်များ ပိုင်ဆိုင်နိုင်မယ့် အမေးအဖြေကဏ္ဍများအပြင် ဈေးရောင်းပွဲများကိုပါ ကျင်းပသွားမယ်လို့ သိရပါတယ်။