အအေးဓာတ် ပိုကဲလာသည့် ရန်ကုန်မြို့တွင် အနွေးထည်အရောင်းအဝယ်ဖြစ်နေ


(စီးပွားရေး) ဇန်နဝါရီ ၁၁

ရန်ကုန်မြို့တွင် ယခုလ ပထမပတ်မှစ၍ အအေးဓာတ်ပိုများလာတာကြောင့် အနွေးထည်များ အရောင်းအဝယ်ဖြစ်လာသည်ဟု ဖက်ရှင်ဆိုင်တစ်ချို့ထံမှ သိရသည်။

မြေပြန့်ဒေသဖြစ်သည့် ရန်ကုန်တိုင်းတွင် ဆောင်းရာသီကာလအချိန်တွင် အအေးဓာတ် ပိုများတာမျိုး ကြုံရလေ့ မရှိပါကြောင်း၊ အနွေးထည်ဝတ်ပြီး သွားလာနေကြသည်ကို ပြန်တွေ့နေရကြောင်း ​ဒေသခံများမှ ပြောသည်။

“လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်က သိပ်မအေးဘူး ဆောင်းတွင်းမှာ အနွေးထည်ကို သိပ်မရောင်းရဘူး ဒီနှစ်ကအအေးပိုလာလို့ ဆိုင်တိုင်းလိုလိုမှာ အနွေးထည်တွေအရောင်းအဝယ်ဖြစ်နေတယ််” အဝတ်အစားတွေရောင်းချတဲ့ တောင်ဒဂုံမြို့နယ်က ဖက်ရှင်ဆိုင်တစ်ဆိုင်က ပြောသည်။

ယခုနှစ် ဆောင်းရာသီတွင် ရန်ကုန်တိုင်းအတွင်းမှ လူနေထူထပ်သည် နေရာများအပါဝင် သိသိသာသာ ပိုအေးလာတယ်လို့ ဆက်လက်ပြောကြားသည်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဗဟိုဌာန၏ မိုးလေဝသ ခန့်မှန်းချက်တွင် ရန်ကုန်တိုင်း၌ ညအပူချိန် ၁၈ ဒီဂရီဆဲလ်စီးရပ်အထက်ရှိနေပြီး မြူများအုံ့ဆိုင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

#PAN #ဇန်နဝါရီ #ရန်ကုန်အအေးပို