(စီးပွားရေး) ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ ရန်ကုန်တိုင်းဒေသကြီးတွင် ဇန်နဝါရီလ ၄ ရက်မှ ၆ ရက်ထိ ဆီပိဿာချိန် ၄၀, ၀၀၀ကျော် ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။
စားသုံးဆီရောင်းချပွဲတော်ကို ဇန်နဝါရီလ ၄ ရက်မှ ၆ ရက်ထိ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ ဆီစက် ၂ စက်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဆီစက် ၁ စက်၊ မန္တလေးတိုင်းဒေသကြီးမှ ဆီစက် ၄ စက်၊ မကွေးတိုင်းဒေသကြီးမှ ဆီစက် ၄ စက် စုစုပေါင်းဆီစက် ၁၁ စက်မှ စားသုံးဆီပိဿာချိန် ၄ဝ,၀၀၀ ကျော် ရောင်းချပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ယခုနှစ်မှာ ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျှော့ချနိုင်ရေး၊ စားသုံးသူများရဲ့ကျန်းမာရေးနှင့်ညီညွှတ်တဲ့ မြေပဲဆီ နှမ်းဆီနေကြာဆီကို ပိုမိုစားသုံးနိုင်ရေးနှင့် ပြည်တွင်းဆီဖူလုံမှုကိုပြသချင်တဲ့အတွက် စားသုံးဆီဈေးရောင်းပွဲတော် ကို လစဉ်ကျင်းပသွားမယ်လို့ သိရပါတယ်။
အဆိုပါဈေးရောင်းပွဲတော်မှာ မြေပဲဆီတစ်ပိဿာကျပ် ၁၇,၀၀၀၊ နေကြာဆီ တစ်ပိဿာကျပ် ၂၀,၀၀၀ နှင့် နှမ်းဆီတစ်ပိဿာကျပ် ၁၈,၀၀၀ နှုန်းနဲ့ရောင်းချပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ယခုအပတ် အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများမှာ ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၆ ရက်မှ ၁၂ ရက် အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ငွေကျပ် ၇,၂၈၀ ဖြစ်ကြောင်း သတ်မှတ်ထားပါတယ်။
ပြည်တွင်းမှာ စားသုံးဆီလိုအပ်ချက်က တစ်လကို တန်ချိန် ၁ သိန်းခန့် ရှိသော်လည်း ပြည်ပမှ လစဉ်စားအုန်းဆီ တန်ချိန် ၅ သောင်းဝန်းကျင်သာ တင်သွင်းနေရကြောင်း သိရပါတယ်။
#PAN #စားသုံးဆီရောင်းချပွဲတော် #စားသုံးဆီတင်သွင်းမှုလျှော့ချနိုင်ရေး