မိုးကုတ်တွင် မိုးသည်းထန်ပြီး မြေပြိုမှုများဖြစ်ပွား၊နေအိမ် ၃၀ခန့် ပျက်စီး

(ပြည်တွင်း) ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့တွင် ရက်အတော်ကြာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် မြို့တွင်းနေရာအများအပြား၌ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ နေအိမ်၃၀ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

မြေပြိုမှုအန္တရယ်ရှိသည့် နေရာများမှ နေအိမ်၂၀ခန့်ကိုလည်း အန္တရယ်မဖြစ်ပွားမီ ကြိုတင်ရွှေ့ပြောင်းထားခဲ့ပြီး အချို့နေရာများမှာ နေအိမ်များပြန်လည်နေထိုင်ရန် မသင့်လျော်တော့သည့် အခြေနေရှိကြောင်း သိရသည်။

ယခုနှစ် မိုးကုတ်မြို့၏မိုးရွာသွန်းမှုသည် နှစ်ပေါင်း ၄၄နှစ်အတွင်း စံချိန်တင်အဆင့်ရှိခဲ့သဖြင့် မြေပြိုခြင်း၊လမ်းမြေသားများ ပြိုကျခြင်းနှင့်ရေကြီးရေလျှံခြင်းများသည် ယခင်နှစ်များထက် ပိုမိုပြင်းထန်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မိုးရွာသွန်းမှူ ရပ်တန့်သွားပြီး ရေပြန်လည်ကျဆင်းလာသော်လည်း ယခင်ရက်များအတွင်း မိုးရေစိမ့်ဝင်မှုများကြောင့် မြေပြိုပြီးသားနေရာများတွင် ထပ်မံမြေပြိုနိုင်သည့် အန္တရယ်ရှိနေသဖြင့် အခြေအနေကိုဆက်လက်စောင့်ကြည့်ရန်လိုအပ်ကြောင်း လူမှုကူညီရေးအဖွဲ့များက ဆိုသည်။

အလားတူ မိုးကုတ်မြို့နယ်အတွက် မိုးကုတ်-မန္တလေးကားလမ်းပိုင်းတွင် မြေပြိုကျမှုများကို သက်ဆိုင်ရာတာဝန်ရှိများက ရှင်းလင်းပေးထားသဖြင့် လက်ရှိတွင် ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် မတ္တရာမြို့နယ်၊တံငါချောင်းနှင့် ဘောင်ကြီးတံတားအနီး ၂၅/၂၆ မိုင်တိုင်အကြား ရေကျော်နေသည့်လမ်းပိုင်းတွင်လည်း ရေပြန်ကျလာပြီဖြစ်သောကြောင့် လမ်းအခြေနေမှာ ပုံမှန်မဖြစ်သေးကြောင်း သိရသည်။

လက်ရှိတွင် ကားကြီးများဖြတ်သန်းနိုင်သော်လည်း ကားငယ်များမှာ အကူညီဖြင့် ဖြတ်သန်းရသည့် အခြေနေရှိပြီး ဆိုင်ကယ်များဖြတ်သန်းရန် အခက်အခဲရှိနေဆဲဖြစ်ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေမှာလည်း ဆက်လက်မြင့်တက်နေသဖြင့် မိုးထပ်မံရွာသွန်းပါက ရေပြန်လည်မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထို့ကြောင် မန္တလေး-မိုးကုတ်လမ်းပိုင်းမှတဆင့် ခရီးသွားမည့်သူများအနေဖြင့် မထွက်ခွာမီ လမ်းပိုင်းအခြေအနေ၊ရေကြီးရေလျှံမှုနှင့် မြေပြိုမှုအခြေအနေများကို ကြိုတင်စုံစမ်းပြီးသွားလာကြရန်နှင့် မြေပြိုမှုဖြစ်ပွားထားသည့် နေရာများတွင် အထူးသတိထားမောင်းနှင်းကြရန် အကြံပြုထားကြောင်း သိရသည်။