
(မှုခင်း) ဩဂုတ် ၁၀
TikTok နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဗီဒီယိုအတိုများ၊ ဟာသနှင့် သရုပ်ဆောင်တင်ဆက်မှုများကြောင့် ပရိသတ်များကြား ရေပန်းစား လူသိများသည့် အသက် (၂၄) နှစ်အရွယ် ကရင်တိုင်းရင်းသား ဆယ်လီ စောလေး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။
မြန်မာ-ထိုင်းနယ်စပ် ကျောက်ခက်ကျေးရွာတွင် နေထိုင်သူ စောလေးသည် ဩဂုတ်လ ၉ ရက် ညသန်းခေါင်ယံအချိန်ခန့်တွင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင်မှ သေဆုံးနေသည်ကို အနီးကပ်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ၎င်း၏ ရုပ်အလောင်းအား ထိုင်းနယ်စပ်ရှိ ဖုတ်ဖရဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရပြီး မိမိကိုယ်ကို ယခုကဲ့သို့ အဆုံးစီရင်ရသည့် အဓိကအကြောင်းအရင်းကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
TikTok ဆယ်လီ စောလေးသည် “Saw Lay – ငပိထောင်း” အမှတ်တံဆိပ်ဖြင့် အွန်လိုင်းစီးပွားရေးလုပ်ငန်းကို အောင်မြင်စွာ ထူထောင်ထားသည့် တက်သစ်စ လူငယ်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ထိုင်းဈေးကွက်အတွင်း၌ ကော်ဖီ၊ ငါးခြောက်ထောင်းနှင့် တိုင်းရင်းဆေးများကိုပါ ထပ်မံတိုးချဲ့ ရောင်းချသွားရန် စီစဉ်နေသူတစ်ဦးလည်း ဖြစ်ကြောင်း သိရှိရသည်။