(ကျန်းမာရေး)ဒီဇင်ဘာ ၂၄
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ Vitamin B 12အကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
Vitamin B 12 ဆိုတာဘာလဲ
ဗီတာမင် B12 ဆိုတာကတော့ ခန္ဓာကိုယ်အတွက် အလွန်ကိုအရေးကြီးတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ သွေးနီဥထုတ်လုပ်တဲ့ လုပ်ငန်း စဉ်မှာ အဓိကနေရာမှာ ပါဝင်နေတဲ့ ဗီတာမင် ဖြစ်ပါတယ်။ ဗီတာမင် B12 ဆိုတာက အာရုံကြောဆဲလ်တွေနဲ့ သွေးဆဲလ်တွေ ကျန်းမာနေစေဖို့ ခန္ဓာ ကိုယ်အတွက် အရေးကြီးပါတယ်။ ဗီတာမင် B12 ဟာ ရေမှာပျော်ဝင်နိုင်သည့် ဗီတာမင် တစ်မျိုးဖြစ်ပြီး အူထဲမှာ စုပ်ယူထားပါတယ်။ စုပ်ယူပြီးနောက်မှာ ဒီအန်လ်အေနှင့် သွေးနီဥဆဲလ်များ ပြုလုပ်ရာမှာ အသုံးပြုပါတယ်။ အသုံးမပြုရသေးသည့် ဗီတာမင် B12 များကိုတော့ အသည်းထဲမှာ သိုလှောင်ထားပါတယ်။ သို့သော် ဖြည့်စွက်စာများကို သင်ဟာ သောက်သုံးခဲ့လျှင် ခန္ဓာကိုယ်က လိုအပ်တာထက်ပိုပြီးတော့ အစာကြေသွားနိုင်ပါတယ်။
ဗီတာမင် B12က အရေးပါသလား
ဗီတာမင် B12 က ခန္ဓာကိုယ်ရဲ့လုပ်ငန်း ဆောင်တာ အမျိုးမျိုးအတွက် လုပ်ဆောင်ပေးနေတဲ့ ဗီတာမင် တစ်မျိုးပါ။ နေ့စဉ် စားသောက်မှုမှာ ဗီတာမင် B12 လုံလောက်စွာ မရရှိတာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်က ဗီတာမင် B12 လုံလုံလောက်လောက်မရတဲ့အခါ (သို့) စားသုံးတဲ့အစားအစာကနေ ဗီတာမင် B12 ကို လုံလုံ လောက်လောက်မစုပ်ယူနိုင်တဲ့အခါ ဗီတာမင် B12 ချို့တဲ့မှုဖြစ်တတ်ပါတယ်။ ဗီတာမင် B12 ချို့တဲ့ရင် အာရုံကြောတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပြီး အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဗီတာမင် B12 ချို့တဲ့မှုက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို စိတ်ပိုင်းဆိုင် ရာ ကျန်းမာရေးနဲ့ အာရုံကြောကျန်းမာရေးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဗီတာမင် B12 ချို့တဲ့မှု အဖြစ်များသလား
ဗီတာမင် B12 ချို့တဲ့မှုက အသက်အရွယ်ကို လိုက်ပြီး ဖြစ်ပွားနိုင်ခြေကလည်း ကွာခြားမှု ရှိပါတယ်။
• အသက် ၂၀ ကနေ အသက် ၃၉ နှစ်ကြားအရွယ်မှာဆိုရင် အယောက် ၁၀၀ မှာ ၃ ယောက်နှုန်း ။
• အသက် ၄၀ ကနေ အသက် ၅၉ နှစ်ကြားအရွယ်မှာဆိုရင် အယောက် ၁၀၀ မှာ ၄ ယောက်နှုန်း။
• အသက် ၆၀ နဲ့ အထက်မှာဆိုရင် အယောက် ၁၀၀ မှာ ၆ ယောက်နှုန်းလောက် ခံစားရနိုင်ခြေ ရှိပါတယ်။
ဗီတာမင် B12 ချို့တဲ့မှုရဲ့ လက္ခဏာများ
ဗီတာမင် B12 ချို့တဲ့မှု ရဲ့ အမှတ်တမဲ့ ဖြစ်နေတဲ့ လက္ခဏာများ အနေနဲ့ ခန္ဓာကိုယ် အစိတ် အပိုင်း တစ် ရပ်စီမှာ အခုလိုတွေ ခံစားရနိုင်ပါတယ် –
• ခြေတွေ လက်တွေ ထုံကျဉ်တာ ။ ဗီတာမင် B12 ချို့တဲ့မှုက ကြွက်သားတွေကို အားနည်းစေပြီး လမ်း လျှောက်တဲ့အခါ ခြေထောက်တွေ မသယ်ချင်တာမျိုး၊ လမ်းလျှောက်ရင် ခြေထောက်က ဆွဲနေသလို ခံစားရတာမျိုးတွေကို ခံစားရနိုင်သလို ခြေထောက်တွေ လက်တွေ ထုံကျဉ်တာမျိုးကိုလည်း ခံစားရနိုင်ပါတယ်။
• အမြင်အာရုံပိုင်းဆိုင်ရာ ပြဿနာတွေ ။ အမြင်အာရုံ ကျန်းမာစေဖို့အတွက်လည်း ဗီတာမင် B12 ကို လိုအပ်ပါတယ်။ ဒီတော့ အမြင်အာရုံတွေ ကျန်းမာစေဖို့ ဆိုရင် ဗီတာမင် B12 ပြည့်ဝနေဖို့ လိုမှာပါ။ မျက်လုံးတွေ အောင့်တာ ကျိန်းစပ်တာ မျက်သားခြောက်တာတွေကို ကာကွယ်ဖို့ဆိုရင် ဗီတာမင် B12 ပြည့်ဝဖို့ လိုပါမယ်။
• စိတ်ရှုပ်ထွေး လွယ်တာ ။ ပြဿနာတွေ အခက်အခဲတွေကို ဖြေရှင်းနိုင်စွမ်း ကျပြီး နည်းနည်းဆိုတာနဲ့ စိတ်ရှုပ်နေပြီဆိုရင်တော့ ဗီတာမင် B12 ချို့တဲ့နေတာ ဖြစ်နိုင်ပါတယ်။ ပြဿနာ သေးသေးလေးတွေကို ကြုံရရင်တောင် အလွယ်တကူ စိတ်ရှုပ်ထွေးနေပြီဆိုရင်တော့ အစားအသောက်လေးကို ဂရုစိုက်ဖို့ လိုပါပြီ။
• တစ်ခုခုကို မှတ်မိဖို့ခက်တာ (မေ့လွယ်တာ) ။တစ်ခုခု ပြောခါနီးတိုင်း ပါးစပ်ဖျားလေးတင် မေ့နေပြီ။ ငါဘာလုပ်မလို့ပါလိမ့် မေ့သွားပြန်ပြီ ဆိုပြီး ခဏခဏ ဖြစ်နေပြီဆိုရင် ဗီတာမင် B12 ချို့တဲ့မှုကို ခံစားနေရတာ ဖြစ်နိုင်ပါတယ်။
• သွားနဲ့ ခံတွင်းပိုင်း ဆိုင်ရာမှာ ဆိုရင် ။ ဗီတာ မင် B12 ချို့တဲ့မှုက သွားနဲ့ ခံတွင်း ကျန်းမာ ရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ လျှာတွေ ရောင်ရမ်းတာ၊ လျှာနာတာ၊ သွားဖုံးတွေ ရောင်ကိုင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ပါးစပ်ထမှာ အနာဖြစ်တာ လျှာက နီရဲရောင်ရမ်းနေပြီဆိုရင်တော့ ဗီတာမင် B12 ပြည့်ဝစေမယ့် အစားအစာလေးတွေကို စားပေးပါ။
• နောက်ထပ် ခံစားရနိုင်တာက အရသာ ပျက်တာမျိုးပါ။ အရသာကို မသိတာမျိုး ခံတွင်းမတွေ့တာမျိုး ပါးစပ်တွေ လျှာတွေ ပူစပ်ပူလောင် ခံစားရတာကလည်း ဗီတာမင် B12 ချို့တဲ့မှုကြောင့်ပါနော်။
အခြား လက္ခဏာများ
ဗီတာမင် B12 ချို့တဲ့မှုရဲ့ အခြား လက္ခဏာတွေ အနေနဲ့ကတော့ –
• ခြေကုန်လက်ပမ်းကျတာ
• အားနည်းသလို ခံစားရတာ
• သွေးအားနည်းတာ
• အစားစားချင်စိတ် မရှိတာ
• မအီမသာဖြစ်တာ
• အော့ချင်အန်ချင်တာ
• ဝမ်းပျက်တာ
• ကိုယ်အလေးချိန်ကျတာ
• အသားဝါတာ
• စိတ်ဓာတ်ကျတာမျိုးတွေပါ။
ဗီတာမင် B12 ကြွယ်ဝတဲ့ အစားအစာတွေ
ဗီတာမင် B12 ကြွယ်ဝတဲ့အစားအစာတွေ စားသုံးတာက B12 ချို့တဲ့မှုကို ကုသကာကွယ်ရာမှာ အတောက်အကူဖြစ်စေပါတယ်။ ဗီတာမင် B12 ချို့တဲ့မှု ပြင်းထန်ရင် ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေ စားရုံနဲ့ မလုံလောက်ပါဘူး။ ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။ ဆရာဝန်တွေက B12 သောက်ဆေး သောက်ခိုင်းတာဖြစ်ဖြစ်၊ ထိုးဆေးထိုးခိုင်းတာဖြစ်ဖြစ် လုပ်ပေးပါလိမ့်မယ်။ ဗီတာမင် B12 ကို ရရှိနိုင်တဲ့ အစား အစာတွေကတော့ –
• တိရစ္ဆာန်ကလီစာ (အသည်းနဲ့ ကျောက်ကပ်)
• ငါးသေတ္တာငါး၊ တူနာ၊ ထရောက်ငါး၊ ဆယ်လ်မွန်ငါး
• ဒိန်ချဉ်၊ ချိစ်တွေလို နို့ထွက်ပစ္စည်းများ
• ဆီရီယယ် (Cereal)၊ ပေါင်မုန့်၊
• ကိုက်လန်လို အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကလည်း ဗီတာမင် B12 ဓာတ် ရနိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုးတွေက ဘာလဲ
ဗီတာမင် B12သောက်ဆေး ကို ကျန်းမာရေးကောင်းသူများက အကြံပြုထားသည့် ပမာဏကိုသာ သောက်သုံးသင့်ပါတယ်။ ဗီတာမင် B12 ထိုးဆေးကို ဗီတာမင်ဘီချို့တဲ့သည့်အခြေအနေများမှာ ကုသကြပါတယ်။ ဗီတာမင် B12 လွန်ကဲစွာ စားသုံးမိလျှင် ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို သိရှိထားဖို့ကလည်း အရေးကြီးပါတယ်။ အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ် –
• အနည်းငယ်ဝမ်းသွားခြင်း
• ယားယံခြင်း
• အရေပြားနီလာခြင်း
• ခေါင်းကိုက်ခြင်း
• မူးဝေခြင်း
• မအီမသာဖြစ်ခြင်း
• အော့အန်ခြင်း
• အဆုတ်ရောင်ခြင်းနှင့် နှလုံးရောင်ရောဂါ
• သွေးပြန်ကြောသွေးခဲခြင်း
• ရောင်ရမ်းနာကျင်ခြင်း
• သွေးနီဥအရေအတွက်များလာခြင်း စသည်တို့ ဖြစ်ပါတယ်။
ဒါတွေ သတိပြုပါ
ဖောလစ်အက်စစ်ဖြည့်စွက်စာများက ဗီတာမင် B12 ၏ အာနိသင်ကို ဝင်ရောက်နှောက်ယှက်နိုင်ပါတယ်။ ဖောလစ်အက်စစ်သောက်မည်ဆိုပါက ဆရာဝန်နှင့် အရင်တိုင်ပင်ပါ။
ဗီတာမင် B12 နှင့် ဓာတ်မတည့်မှုများ ရှိပါက ဖြည့်စွက်စာကို မသောက်သုံးပါနှင့်။ သင်ဟာ ကိုယ် ဝန်ဆောင် သို့မဟုတ် နို့တိုက်မိခင် ဖြစ်နေလျှင် ဗီတာမင် B12 ကို သတ်မှတ်ပမာဏသာ သောက်သုံးပါ။
ဗီတာမင် B12 သောက်သုံးပြီးနောက် ပြင်း ထန်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာပါက သောက်သုံးမှုကို ချက်ချင်းရပ်တန့်လိုက်ပါ။ လက္ခဏာများ ပိုမိုဆိုးရွားလာပါက ဆေးကုသမှုခံယူပါ။
အစားအသောက်မှ လိုအပ်သည့် ဗီတာမင် B12 ကို မရရှိဘူးထင်နေလျှင် သင့်တော်သည့် ပမာဏကို သိရှိနိုင်စေရန် ဆရာဝန်ဖြင့် တိုင်ပင်ဆွေးနွေးကြည့်ပါ။
(Crd: Hello ဆရာဝန် ၊ OSC Hospital)
#PAN