(မိုး/ဇလ) ဒီဇင်ဘာ ၂၀
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ အားကောင်းသော လေဖိအားနည်းရပ်ဝန်း မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် ဒီဇင်ဘာလ ၂၀ ရက် မှ ၂၃ ရက်အတွင်း တိုင်းဒေသကြီးလေးခုနှင့် ပြည်နယ်လေးခုတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။
ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီး ပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသောလေအေးများ တွေ့ဆုံမှုကြောင့် လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းမှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့်လည်းကောင်း ဒီဇင်ဘာလ ၂၀ ရက်မှ ၂၃ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီး ခြင်းများဖြစ်ပေါ်နိုင်ပါတယ်။
အဆိုပါ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်း ရေကြောင်းသွားလာရေး နှင့် လေကြောင်းပျံသန်းရေးကိုလည်း ကြိုတင်သတိပြုနိုင်ပါရန် မိုး/ဇလက အသိပေးထားပါတယ်။
Telegram»…
https://t.me/positiveanglenews