ကြက်သားစက်ရုံက ပတ်စပိုစ့်၊ဗီဇာသက်တမ်းတိုးခ ဘတ် ၁ သောင်းကျော်ကောက်ခံလို့ မြန်မာအလုပ်သမား ၁၀၀၀ ကျော်ဆန္ဒပြ စက်ရုံတာဝန်ရှိသူ‌တွေ လိုက်လျော့ပေးခဲ့ရ


(နိုင်ငံတကာ) ဒီဇင်ဘာ ၁၇

နိုင်ငံကူးလက်မှတ်၊ ပတ်စပို့စ်၊ ဗီဇာ သက်တမ်းတိုးဖို့အတွက် မြန်မာလုပ်သားတွေဆီကနေ ထိုင်းနိုင်ငံ၊ ဖေ့ခ်ျဘွန်မြို့နယ်နဲ့ မဟာချိုင်မြို့နယ်အနီးမှာရှိတဲ့ ကြက်သားစက်ရုံက တစ်ဦးကို ဘတ် (၁၁၅၀၀) ကောက်ခံတာကြောင့် ဈေးလျှော့ကောက်ခံပေးဖို့ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက မြန်မာလုပ်သား ၁၀၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ တစ်နေ့တည်းမှာဘဲ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်မြို့နယ်၊ ဘန်ထိုလတ်နယ်မြေမှာရှိတဲ့ ပလပ်စတစ်စက်ရုံမှာလည်း ပတ်စပို့စ်၊ ဗီဇာနဲ့ စာရွက်စာတမ်းတွေသက်တမ်းတိုးဖို့အတွက်ဆိုပြီး တစ်ဦးကို ဘတ်(၁၅၀၀၀)အထိ ကောက်ခံခဲ့တဲ့အတွက် ဈေးလျှော့ကောက် ခံပေးဖို့ မြန်မာအလုပ်သမား ၁၀၀ ကျော်က စုဝေးဆန္ဒပြတောင်းဆိုမှုတွေပြုလုပ်ခဲ့ကြတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး အကူအညီပေးနေသူတွေကပြောပါတယ်။

ဆန္ဒပြခံခဲ့ရတဲ့ ကြက်သားစက်ရုံမှာ မြန်မာလုပ်သား ထောင်နဲ့ချီအလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး နိုင်ငံတကာကို အစားအသောက်တင်ပို့နေတဲ့ စက်ရုံလည်းဖြစ်တယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေဟာ အလုပ်ရှင်သူဌေးလည်းရှိ၊ ပကန်ဆန်ခုန်လည်းရှိပြီးသား လူဟောင်းတွေကို အခုလို ဈေးမတန်တဆ ကောက်ခံမှုတွေပြုလုပ်နေတာကြောင့် သည်းမခံနိုင်တော့တဲ့အဆုံးမှာ ဆန္ဒပြတောင်းဆိုနေတာလို့ မဲဆောက်ဘက်ကလာတဲ့သတင်းတွေမှာဖော်ပြနေကြပါတယ်။

စက်ရုံ ၂ ရုံက အလုပ်သမား ၁၀၀၀ ကျော်ဟာ ငွေကြေးအဆမတန်မကောက်ခံဖို့ ဆန္ဒပြတောင်းဆိုလာတာကြောင့် နိုင်ငံကူးလက်မှတ် ပတ်စပို့စ်၊ ဗီဇာ စတဲ့ အထောက်အထားစာရွက်စာတမ်း သက် တမ်းတိုးခတွေတိုးကောက်ကြမယ့် စက်ရုံ တာဝန်ရှိသူတွေက လိုက်လျော့ပေးခဲ့ကြရတယ်လို့လည်းသိရပါတယ်။

အဲဒီလို ဆန္ဒပြတောင်းဆိုမှုကြောင့် ဒီဇင်ဘာလ ၁၆ ရက် ညနေ ၅ နာရီအချိန်မှာ စက်ရုံတာဝန်ရှိသူတွေနဲ့ စာရွက်စာတမ်းသက်တမ်းတိုးပေးမဲ့ အေဂျင့်တွေ အပါအဝင် အလုပ်သမားကိုယ်စားလှယ်တွေတွေ့ဆုံညှိနှိုင်းခဲ့ရာ ကနဦး စက်ရုံ ဘက်ကကောက်ခံတဲ့ ဘတ် (၁၁၅၀၀) အစား ဘတ် (၆၀၀၀) သာ ကောက်ခံဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN