နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ ဝင်ခွင့်လျှောက်ထားနိုင်

(ပြည်တွင်း) အောက်တိုဘာ ၁၅

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊မန္တလေး)တို့ရဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်)သို့ အစိုးရပထမကြီးတန်း၊ စေတိယင်္ဂဏစာသင်တန်း၊ သကျသီဟ စာသင်တန်းတစ်ခုခုအောင်မြင်ပြီး သက်တော် ၃၀ နှစ်၊ သိက္ခာ ၁၀ ဝါ အောက်ရှိရမည့် ရဟန်း/သာမဏေများနှင့် သာသနတက္ကသီလမဟာဓမ္မာစရိယတန်း(ပထမနှစ်)သို့ သာသနတက္ကသီလဓမ္မာစရိယဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့၊ သကျသီဟဓမ္မာစရိယဘွဲ့နှင့် စေတိယင်္ဂဏဓမ္မာစရိယဘွဲ့တစ်ခုခုရရှိပြီး သက်တော် ၃၅ နှစ်၊ သိက္ခာ ၁၅ ဝါအောက် ရှိရမည့် ရဟန်း/ သာမဏေများ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်) ဝင်ခွင့်လျှောက်ထားသော ရဟန်း/သာမဏေများသည် အစိုးရ ပထမကြီးတန်းနှင့်ညီမျှသော ဝိနည်းဆိုင်ရာ(၅)ပုစ္ဆာနှင့် အဘိဓမ္မာဆိုင်ရာ (၅)ပုစ္ဆာ၊ မေးခွန်းလွှာတစ်ခု၊ ပါဠိဆိုင်ရာ (၅) ပုစ္ဆာနှင့် အထွေထွေဗဟုသုတ(၅)ပုစ္ဆာ၊ မေးခွန်းလွှာတစ်ခုကို တစ်ရက်စီ စုစုပေါင်း နှစ်ရက် ဖြေဆိုရမှာဖြစ်ပါတယ်။

သာသနတက္ကသီလ မဟာဓမ္မာစရိယတန်း(ပထမနှစ်) ဝင်ခွင့်လျှောက်ထားသော ရဟန်း/ သာမဏေများက သာသနတက္ကသီလဓမ္မာစရိယတန်း(စတုတ္ထနှစ်)နှင့်ညီမျှတဲ့ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာကို ပထမနေ့တွင် (က) အတ္ထယောဇနာ၊ (ခ) ဝါကျသဒ္ဒါ၊ (ဂ) အဓိပ္ပာယတ္ထ၊ (ဃ) ခေတ်လေ့လာနည်းအားဖြင့် (၁၀)ပုစ္ဆာဖြေဆိုရမည်။ ဒုတိယနေ့မှာတော့ ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်၊ ပြန့်ပွားဘာသာအားဖြင့် (၁၀)ပုစ္ဆာဖြေဆိုရမှာဖြစ်ပါတယ်။

သာသနာ့တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် (တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များမှအပ)တွင် စတင်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ တက္ကသိုလ်များ၏ မော်ကွန်းထိန်းရုံးတို့တွင် တင်သွင်းနိုင်ပြီး အသေးစိတ်သိရှိလိုသောအချက်များကို နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်းရုံး ဖုန်း ၀၉-၅၄၀ဝ၈၂၈၊ ၀၉-၄၂၅၀၀၈၇၂၈နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းရုံး ဖုန်း ၀၉-၂၀၃၅၅၇၂၊ ၀၉-၂၅၀၂၃၀၇၉၁ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရပါတယ်။

#PAN