အရှေ့အလယ်ပိုင်း စစ်မီးတောက်မှုသည် အမေရိကန်၏မူဝါဒပိုင်း မနိုင်နင်းမှုကို ပြသနေဟု ရုရှားပြော


(နိုင်ငံတကာ) အောက်တိုဘာ ၃

အရှေ့အလယ်ပိုင်းဒေသတွင် စစ်မီးများတောက်လောင်နေမှုသည် အမေရိကန်ရှိ ဂျိုးဘိုင်ဒင်အစိုးရ အနေ ဖြင့် မူဝါဒပိုင်းမနိုင်နင်းမှုကို ပြသနေကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှီသူ မာရီယာ ဇာခါ ရိုဗာ က ပြောသည်။

အီရန် က ရက်ပေါင်းများစွာကြာ စောင့်စားခဲ့ရသော လက်တုံပြန်မှုတစ်ခုအဖြစ် အစ္စရေးအပေါ် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုလုပ်ပြီးနောက် မကြာမီ ရုရှားအစိုးရက ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။

အစ္စရေး က အီရန်၏တိုက်ခိုက်မှုအပေါ် လက်တုံပြန်သွားမည်ဖြစ်ပြီး လက်ဘနွန်သို့ ကျူးကျော်ဝင်ရောက်မှုနှင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကတိပြုထားသည်။

ထိုနောက် အရှေ့အလယ်ပိုင်းအရေးနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ အိမ်ဖြူတော် အနေဖြင့် ရည်ရွယ်ချက် တိကျခိုင်မာမှုမရှိသည့်ထုတ်ပြန်ချက်များကို ထုတ်ပြန်နေခြင်းက ၎င်းတိုကိုယ်တိုင် ထို ပဋိပက္ခများကို မဖြေရှင်းနိုင်တော့သည့် အခြေအနေဆိုက်နေပြီဖြစ်ကြောင်းကို ညွှန်ပြနေသည်ဟု မာရီယ ဇာခါရိုဗာ က ပြောသည်။

ထိုပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ကြိုးပမ်းအားထုတ်မှုများသည် လူဦးရေသိန်းပေါင်းများစွာ ထိခိုက်ပျက်စီးမှုနှင့်သေဆုံးမှုများဆီသို့သာ ဦးတည်သွားစေကြောင်း ၎င်းက ဆက်ပြောသည်။

အစ္စရေးအနေဖြင့် တင်းမာမှုများလျော့နည်းစေရေးလုပ်ဆောင်ရန်နှင့် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းရန် အမေရိကန် က လူသိရှင်ကြားတောင်းဆိုထား သော်လည်း အစ္စရေးအစိုးရက စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းမှုများကိုသာ ဆက်လက်လုပ်ဆောင်နေကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN