နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်သည့် ဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်


(ပြည်တွင်း) စက်တင်ဘာ ၂၈

ဒီနေ့မှာတော့ စက်တင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီး မီဒီယာများရဲ့ မေးမြန်းမှုများကို တစ်ပေါင်းတည်း ရှင်းလင်းပြောကြားသွားပါ မယ်။ တပ်မတော်အနေနဲ့ နိုင်ငံရေးတာဝန် ရယူခဲ့ရခြင်းရဲ့ အဓိကအခြေခံ အကြောင်းတရားကတော့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ဒါ နိုင်ငံရေးအရ မသမာမှုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ညစ်တယ်လို့လည်း ဆိုနိုင်ပါလိမ့်မယ်။ နိုင်ငံရေးပြဿနာပါ။

ဒါကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ တပ်မတော်က တရားဥပဒေနဲ့အညီ တောင်းဆိုခဲ့ပါတယ်။ လွှတ်တော်နည်းလမ်း၊ အခြေခံဥပဒေခုံရုံးနည်းလမ်း၊ တရားလွှတ်တော်ချုပ်နည်းလမ်း၊ အစိုးရနဲ့ အဓိကတာဝန်ရှိသူတွေက ဖြေရှင်းပေးရမယ့်နည်းလမ်း စတဲ့နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းဖို့ ဆောင်ရွက်ခဲ့ပါတယ်။ မရခဲ့ပါဘူး။ နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး NUG, PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေ တည်ထောင်ပြီး အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ပါတယ်။ ပြည်သူကို ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီလို အကြမ်းဖက်မှု၊ PDF တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ ရဟန်း သံဃာ ၈၄ ပါး အပါအဝင် အပြစ်မဲ့ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

ဗုံးဖောက်ခွဲမှု ၉၀၀၀ ကျော်လောက် ဖြစ်ပွားခဲ့ပါတယ်။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဘဏ်များ၊ လူနေအိမ်များအပါအဝင် အခြေခံအဆောက်အဦ မီးရှို့ဖျက်ဆီးခဲ့မှု ၁၃၀၀ ကျော် ရှိခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ နစ်နာမှုတွေပဲဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှုတွေကြောင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွေကို များစွာ ထိခိုက်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ဒီကြေညာချက်ကိုထုတ်ခြင်းဖြစ်ပါတယ်။ ဒီကြေညာချက်ထုတ်ပြန်ရခြင်း အကြောင်းအရင်းတွေကတော့ (၁) ယနေ့မြန်မာနိုင်ငံရဲ့အခြေအနေ၊ (၂) ပြောင်းလဲလာတဲ့ နိုင်ငံတကာ အခြေအနေ၊ (၃) ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များရဲ့ သဘောဆန္ဒတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ ပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကိုပြန်သွားနိုင်ဖို့ ရွေးကောက်ပွဲလုပ်ငန်း စဉ်တွေကို စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံသူ၊ နိုင်ငံသားတိုင်း နေရာဒေသမရွေး ဒီမိုကရေစီစနစ်ကို ရယူခံစားနိုင်ခွင့်ရှိဖို့လိုပါတယ်။ ပြည်သူ့အစိုးရကို ပြည်သူလူထုက လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိရပါမယ်။ ဒီအတွက် လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရပါမယ်။ ဒီလိုဖြစ်ဖို့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ အရေးကြီး လှပါတယ်။ ဒါကို ဖော်ဆောင်နိုင်ဖို့ ဒီကြေညာချက် ထွက်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ ကျွန်တော်တို့နိုင်ငံရဲ့ ဒေသတော်တော်များများမှာ မိုးနှောင်းကာလ ရေကြီးရေလျှံမှုဒဏ်တွေ၊ သဘာဝဘေး ဒဏ် ခံခဲ့ရပါတယ်။ နှစ် ၅၀/ ၁၀၀ အတွင်းမှာ အဆိုးရွားဆုံးဖြစ်စဉ်ပါပဲ။ ဒီအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ တော်တော်ပြင်းပြင်းထန်ထန်ကို ကျွန်တော်တို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို အလျင်အမြန်ဆောင်ရွက်နိုင်ဖို့၊ တည်ငြိမ်အေးချမ်းဖို့လိုပါတယ်။ ပြည်သူတွေ အပေါ်မှာ တစ်ပူပေါ် နှစ်ပူအဆင့်မခံစေချင်ပါဘူး။ ဒါ့ကြောင့် ပြည်သူလူထုအပေါ် စာနာထောက် ထားပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံရခြင်းဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ကတော့ ဒီနေ့ နိုင်ငံတကာအခြေအနေတွေကိုလေ့လာကြည့်ရင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ ‌ဒေသတွင်းအင်အားကြီးနိုင်ငံ များရဲ့ အကျိုးစီးပွားပြိုင်ဆိုင်မှုဟာ ပိုမိုများပြားပြင်းထန်လာတာကို တွေ့ရပါမယ်။ ရုရှား – ယူကရိန်းကိစ္စ၊ အရှေ့အလယ်ပိုင်းကိစ္စ၊ တောင်တရုတ်ပင်လယ်ကိစ္စတွေဟာ ထင်ရှားတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့နိုင်ငံလို နိုင်ငံငယ်တွေအနေနဲ့ ပြည်တွင်းစည်းလုံးညီညွတ်မှုခိုင်မာဖို့ လိုအပ် ပါတယ်။ ပြည်တွင်းစည်းလုံးညီညွတ်မှုယိုင်နဲ့နေရင် နိုင်ငံတကာပြိုင်ဆိုင်မှုတွေအကြားမှာ နိုင်ငံပါပျောက် သွားနိုင်တဲ့အထိ အန္တရာယ်ကြီးမားလာပါတယ်။ ဒါ့ကြောင့်လည်း ပြည်တွင်းညီညွတ်မှုကို ဦးတည်ပြီး ဒီကြေညာချက်ထွက်ပေါ်လာရခြင်းပဲဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ကတော့ တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ တချို့သောတိုင်းရင်းသားလက်နက်ကိုင် EAOs အဖွဲ့များအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များရဲ့ ဆန္ဒသဘောထားတွေကြောင့်ပါပဲ။

ပြည်သူလူထုရဲ့နေ့စဉ် လူမှုစီးပွားဘဝလုံခြုံရေး၊ တိုးတက်ရေးကိုလိုလားတဲ့အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးက နိုင်ငံတော် အစိုးရနဲ့ နိုင်ငံတော်အကြီးအကဲများထံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မြှင့်တင်ဆောင်ရွက်ဖို့ အကြံပြု၊ ဆန္ဒပြုကြပါတယ်။ ဒီအဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးရဲ့ ငြိမ်းချမ်းရေးဆန္ဒကို ကျွန်တော်တို့အစိုးရ က ကျေးဇူးအထူးတင်ပါကြောင်းနဲ့ အထူးအလေးထားပါကြောင်းလည်း ပြောကြားလိုပါတယ်။ တပ်မတော် အနေနဲ့ နိုင်ငံတော်တာဝန်ကို ရယူထမ်းဆောင်ခဲ့ရချိန်ကစပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက် မပြတ် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ငြိမ်းချမ်းရေးအတွက် ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို နိုင်ငံ့ခေါင်းဆောင်နဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေး နိုင်ရေးထုတ်ပြန်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တို့က ခေါင်းဆောင်များနဲ့ ၂၀၂၂ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွင်း ၃ ကြိမ် တိုင်တိုင် ဆွေးနွေးနိုင်ခဲ့ပါတယ်။ အဲ့ဒီလိုဆွေးနွေးရာမှာ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိုင်းရေးကော်မတီ အနေနဲ့လည်း NCA လက်မှတ်ရေးထိုးထားတဲ့ EAO များနဲ့ ၅၆ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ EAO များနဲ့ ၂၄ ကြိမ်၊ နိုင်ငံရေးပါတီများနဲ့ ၁၅ ကြိမ်၊ ဘာသာရေး ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုး ဆောင်များ၊ State Holder များနဲ့ ၃ ကြိမ်၊ စုစုပေါင်း ၉၈ ကြိမ် ဆွေးနွေး နိုင်ခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်လက်နက်ကိုင် ပဋိပက္ခများကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေ၊ ပြည်သူပိုင် အခြေခံအဆောက်အဦတွေ၊ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်တွေများ စွာ ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ပြီး ဒီမိုကရေစီလမ်းစဉ်၊ ဒီမိုကရေစီကျင့်စဉ် နဲ့ကိုက်ညီတဲ့ ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတို့ကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက် ကြဖို့ ကမ်းလှမ်းဖိတ်ခေါ်ရခြင်းပဲ ဖြစ်ပါတယ်။ ပြည်သူလူထုအပေါ်မှာ စစ်မှန်တဲ့စေတနာရှိရင် ပြည်သူကို မျက်နှာမူ၊ ငြိမ်းချမ်းရေးကို ရှေးရှုကြပါ။

ပြည်သူ့ဆန္ဒအလေးထား၊ အကြမ်းဖက်လုပ်ငန်းစဉ်များကို ရှောင်ရှားကြပါ။ ပြည်သူ့အ‌ရေးအလေးပေး၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြပါလို့ ပြောကြားလိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN