ပြင်ဦးလွင်-မန္တလေး အတက်လမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၊ အမျိုးသား ၃ ဦးကို ကယ်ဆယ်နိုင်ခဲ့

(မှုခင်း) အောက်တိုဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ဖျာဒိုးကျေးရွာအနီး ပြင်ဦးလွင်-မန္တလေး အတက်လမ်းတွင် ယနေ့ ညနေပိုင်းက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်အတွင်း ညပ်နေသည့် အမျိုးသား ၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် အောက်တိုဘာ ၁၉ ရက် ညနေ ၅ နာရီ ၃၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်အတွင်း လူ ၃ ဦး ညပ်နေကြောင်း သတင်းရရှိသဖြင့် ဗဟိုမီးသတ်သင်တန်းကျောင်း၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းနှင့် ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ် ၃ စီးဖြင့် သွားရောက်ကယ်ဆယ်ခဲ့သည်။

မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီ ၁၂ မိနစ်တွင် ထိခိုက်ဒဏ်ရာ မစိုးရိမ်ရသည့် အမျိုးသား ၃ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။

ကယ်ဆယ်ခဲ့သူများကို သုံးတောင်လူမှုကူညီရေးအသင်းနှင့် သန္တိသုခလူမှုကူညီရေးအသင်းတို့၏ လူနာတင်ယာဉ်များဖြင့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN