“(၁၉)ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်းအဝေးများကျင်းပမည်”

(ပြည်တွင်း) သြဂုတ် ၃၀


(၁၉)ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ (19th Asia Media Summit & Associated Meetings)အား အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (AIBD)၏ စီစဉ်မှု ဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၅ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသွားမည်ဖြစ် ကြောင်း သိရပါတယ်။

အဆိုပါ နှစ်စဉ်ကျင်းပလျက်ရှိတဲ့ အစည်းအဝေးများသို့ ပြောင်းလဲတိုးတက်နေသည့်ခေတ်နှင့် နည်းပညာများ အရ လိုက်လျောညီထွေဖြစ်စေမည့် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများ ဆွေးနွေးနိုင်ရန် အာရှဒေသအစိုးရအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာမီဒီယာကဏ္ဍ ဆုံးဖြတ်ပိုင်ခွင့်ရှိသူများ၊ ပညာရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ မီဒီယာကျွမ်းကျင်သူများ၊ အာရှပစိဖိတ်ဒေသတွင်းမှ ဆက်စပ်အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးလေ့ရှိရာ ယခု Summit သို့ အာရှ၊ ပစိဖိတ်၊ အာဖရိကနှင့် ဥရောပတို့ရှိ နိုင်ငံပေါင်း ၅၀ ကျော်မှ ဒေသဆိုင်ရာကျွမ်းကျင်သူ ၅၀၀ ကျော် တက်ရောက်ရန် မျှော်မှန်းထားပြီး အာရှပစိဖိတ်ဒေသမှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးဝန်ကြီးများလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

ယခုနှစ် Summit ၏ Theme မှာ “ Media :The New Odyssey” ဖြစ်ပြီး ၎င်း Summit တွင် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများနှင့် မီဒီယာနှင့်ရုပ်သံထုတ်လွှင့်မှုများတွင် AI ၏ ရှုထောင့်အမျိုးမျိုးကို သင်ယူခြင်းနှင့် တိုးတက်မှုများ အတွက် ပူးပေါင်းအားထုတ်မှုများအား ရှာဖွေဖော်ထုတ်ဆွေးနွေးကြမှာဖြစ်ပြီး ယခုကဲ့သို့ ပြောင်းလဲမှုလျင်မြန်နေတဲ့ အချိန်များတွင် အသံအမျိုးမျိုးပါဝင်မှုများနှင့် ရရှိနိုင်မှုများမှ အရေးကြီးသည့်အချက်များအား ဆွေးနွေးဖော်ထုတ် သွားကြမှာဖြစ်ပါတယ်။

အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း(AIBD)အနေဖြင့် မဟာဗျူဟာမိတ်ဖက် များနှင့်ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နှင့် ၂ ရက်တို့တွင် Pre-Summit Workshop ၁၀ ခု ကျင်းပ သွားမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နှင့် ၄ ရက်တို့တွင် Summit ကို ကျင်းပသွားမှာဖြစ်ပါတယ်။

အဆိုပါ Summit အား တောင်ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား စတဲ့ အာရှနိုင်ငံများတွင် လှည့်လည် ကျင်းပခဲ့ရာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၀၁၅ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ပြီး ယခု ၉ နှစ်အကြာတွင် ပြန်လည်ကျင်းပနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း(AIBD)ကို ၁၉၇၇ ခုနှစ်တွင် ယူနက်စကို ၏ဦးဆောင်မှုဖြင့် စတင်တည်ထောင်ခဲ့ရာ ရုပ်သံထုတ်လွှင့်မှုနှင့် မီဒီယာဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်ရန် ကတိ ကဝတ်ပြုထားသော ဒေသဆိုင်ရာအစိုးရများအကြား ပူးပေါင်းဖွဲ့စည်းထားသော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသတွင် တက်ကြွ၍ညီညွတ်သော အီလက်ရောနစ် မီဒီယာဝန်းကျင်မြှင့်တင်မှုတွင် အခရာကျသည့် အခန်းကဏ္ဍတစ်ခုကို ဆောင်ရွက်လျက်ရှိပါတယ်။

AIBD ၏ Summit သည် လူသိများသော အထင်ကရ Event တစ်ခု ဖြစ်ပြီး ချိတ်ဆက်ရန်၊ အသိပညာဗဟုသုတများ ဆွေးနွေးမျှဝေရန်နှင့် ရုပ်သံလွှင့်လုပ်ငန်းများ၏ အနာဂတ်ကို ဆွေးနွေးရန် မီဒီယာကျွမ်းကျင်သူများအတွက် အုတ်မြစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရပါ တယ်။

#PAN