နစကခန့် အုပ်ချုပ်ရေးမှူးတွေနှုတ်ထွက်ပေးရန် KNU စာပို့


(ပြည်တွင်း) ဇူလိုင် ၃၁

နစကခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှုတ်ထွက်ပေးရန်ဆိုသည့် စာတစ်ဆောင်အား KNU မှ ဘားအံမြို့နယ်အတွင်း လိုက်လံဝေငှနေကြောင်း သိရသည်။

ဇူလိုင်လ ၃၀ ရက်နေ့က ဘားအံမြို့နယ်အတွင်းရှိကျေးရွာများအား အမည်မသိလူတစ်ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် အဆိုပါစာများအားလိုက်လံဝေငှခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။

နစကခန့် အုပ်ချုပ်ရေးမှူးများအားနှုတ်ထွက်ရန်အတွက် KNU တပ်မဟာ(၁)၊ KNLA တပ်ရင်း(၁)မှ ပေးပို့လိုက်သော စာတွင် စကစ လက်အောက်ခံ တိုက်နယ်အုပ်ချုပ်ရေးမှူးမှ ခန့်အပ်တာဝန်ပေးထားသော ကျေးရွာအုပ်ချုပ်ရေးမှူးများသည် မိမိရာထူးတာဝန်မှနုတ်ထွက်ရန်၊ ကျေးရွာပြည်သူလူထုများမှ လက်ခံသည့်အုပ်ချုပ်ရေးမှူးကိုပြည်သူလူထု၏ ဆန္ဒနှင့်အညီရွေးချယ်ပေးရန်၊ ပြည်သူလူထုများသည် စကစ လက်အောက်ခံ ဖြစ်သော ပြည်သူ့စစ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ရန်။ ဘားအံမြို့နယ်တပ်ရင်း(၁)နယ်မြေအတွင်းရှိကျေးရွာအုပ်စုစာရင်းများသည် စကစ လက်အောက်တွင်အလုပ်မလုပ်ပဲ မိမိရာထူးတာဝန်မှ နုတ်ထွက်ရန်တို့ ပါရှိကြောင်း သိရသည်။

ဖေါ်ပြပါ အချက် (၄)ချက်နှင့် သက်ဆိုင်သည့်ပုဂ္ဂိုလ်များသည် ၎င်းဖေါ်ပြချက်များကိုလိုက်နာဆောင်ရွက်ခြင်းမပြုပါက ဖြစ်ပေါ်လာမည့် ပြသနာများသည်မိမိ တာဝန်သာဖြစ်သည်ဟု KNU ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်-ဘားအံမြို့နယ်၏ ဇူလိုင် ၂၇ ရက်-၂၀၂၄ ခုနှစ် ထုတ်ပြန်ချက်ဆိုသည့် စာတွင်ပါရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ