(ပြည်တွင်း) ဇွန် ၄
ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သိမ်ဆိပ်နှင့်ဒုံဝန်းကြား မိုင်တိုင်အမှတ် (၁၂၂/၁၄)၌ ရထားလမ်းပေါ်၌ ပလပ်စတစ်ပုံးနှင့်ထည့်၍ မြှုပ်ထားသော ဒေသန္တရလက်လုပ်မိုင်းအား ယနေ့မွန်းလွဲ ၁၂နာရီခွဲချိန်တွင် တာဝန်ကျဝန်ထမ်းတစ်ဦးက တွေ့ရှိသဖြင့် သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ထံ သတင်းပို့ခဲ့ကြောင်း သိရသည်။
မိုင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက မွန်းလွဲ ၂ နာရီ ၅ မီနစ်တွင် ရောက်ရှိလာပြီး အဆိုပါ မိုင်းအား ရှင်းလင်းခဲ့ရာ သိမ်ဆိပ်-ဒုံဝန်းလမ်းပိုင်းအား ညနေ ၄နာရီ၁၀မိနစ်တွင် အဆိုပါလမ်းပိုင်းအားဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းရှိ အမှတ်(၈၁)အဆန်လူစီးအမြန်ရထားသည် နှင်းပုလဲဘူတာသို့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ရောက်ရှိ ရပ်တန့်ခဲ့ရကြောင်း မိုင်းရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးနောက် ယနေ့ ညနေ ၄နာရီခွဲမှ ပြန်လည်ထွက်ခွာနိုင်ခဲ့သဖြင့် အဆိုပါရထားသည် ၃နာရီ ၂၀ မိနစ် ကြန့်ကြာမှုဖြစ်ပေါ်ခဲ့သည်။
ထို့အတူ အမှတ်(၆၈၅)ကျောက်ရထားသည်သိမ်ဆိပ်သို့ မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင်လည်းကောင်း၊ အမှတ်(၆၈၇)ကျောက်ရထားသည် ဒုံဝန်းသို့ ၁၂ နာရီခွဲ တွင်လည်းကောင်း၊ အမှတ်(၂၇၁)ကုန်ရထားသည် ကျိုက်ထိုဘူတာသို့ ညနေ ၃ နာရီ ၁၀မိနစ်တွင်လည်းကောင်း၊ အသီးသီးရပ်တန့်စောင့်ဆိုင်ခြင်း ပြုလုပ်ခဲ့ ကြရသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၂၀၆)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းခွဲဖျက်ဆီး ခြင်း(၁၆၅) ကြိမ်၊ ဘူတာ အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်း(၄၂)ကြိမ် ကျူးလွန်ခဲ့ကြသည်။
Telegram>>…
https://t.me/positiveanglenews