တရုတ်(တိုင်ပေ)သို စစ်လက်နက်များရောင်းချခဲ့သည့် အမေရိကန်အမှုဆောင်နှစ်ဦးအား တရုတ်က ပြည်ဝင်ခွင့်ပိတ်ပင်ပြီး ပိုင်ဆိုင်မှုများကို ထိန်းချုပ်


(နိုင်ငံတကာ) ဧပြီ ၁၂

တရုတ်(တိုင်ပေ)သို့ စစ်လက်နက်များ ရောင်းချခဲ့သည့် အမေရိကန်ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီနှစ်ခုမှ အမှုဆောင်အရာရှိနှစ်ဦးအား တရုတ်အစိုးရက ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပြီး ၎င်းတို့၏ပိုင်ဆိုင်မှု များကိုပါ ထိန်းချုပ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က ဧပြီလ ၁၁ ရက်တွင် ထုတ်ပြန်သည်။

တရုတ်အစိုးရ၏ အဆိုပါပိတ်ဆိုကန့်သတ်မှုများသည် မောင်းသူမဲ့လေယာဉ်များ ထုတ်လုပ်သည့် အမေရိကန်ရှိ GA ကုမ္ပဏီနှင့် စစ်သုံးမော်တော်ယာဉ်များ ထုတ်လုပ်နေသည့် GD ကုမ္ပဏီမှ လုပ်ငန်းခွဲ တစ်ခုဖြစ်သည့် General Dynamics Land Systems တို့ ပါဝင်ကြောင်း သိရသည်။

တရုတ်(တိုင်ပေ)သို့ လက်နက်ပစ္စည်းများ ရောင်းချပေးခြင်းသည် နိုင်ငံ၏ပြည်တွင်းရေးကို ဆိုးရွားစွာ ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာ၊ အာဏာပိုင်ဆိုင်မှုနှင့် နယ်မြေပေါင်းစည်းမှုကို ဖျက်ဆီးခြင်းဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားထားသည်။

ထိုပြင် တရုတ်(ထိုင်ပေ) သို့ အမေရိကန် က လက်နက်ပစ္စည်းများ ဆက်လက်ရောင်းချပေးနေခြင်းသည် အမေရိကန်နှင့်တရုတ်တို့ကြား ပူးတွဲထုတ်ပြန် ထားသည့် ကြေညာစာတမ်းသုံးရပ်ပါ အချက်အလက်များနှင့် တရုတ်အစိုးရ၏ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆိုးရွားစွာ ဖောက်ဖျက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံက ဆက်လက် ပြောကြားသည်။

တရုတ်အစိုးရသည် ၂၀၂၃ ခုနှစ်ကလည်း တရုတ်(တိုင်ပေ)အား လက်နက်များ ထောက်ပံ့ပေးနေသည့် အမေရိကန်လက်နက်ကုမ္ပဏီများ ဖြစ်သည့် Northrop Grumman and Lockheed Martin တို့အပေါ် ပိတ်ဆိုမှုများ ချမှတ်ခဲ့ကြောင်း ST သတင်း ဌာနတွင် ဖော်ပြထားသည်။

Telegram Link>>…
https://t.me/positiveanglenews/21617

PAN