စူပါကော်ဖီမစ်ကားကို PDF ကပစ်ခတ်တာကြောင့် ယာဉ်မောင်းနှင့်အမျိုးသားတစ်ဦးဒဏ်ရာရ အမျိုးသမီးတစ်ဦးသေဆုံး


(ပြည်တွင်း)ဧပြီ ၈

စူပါကော်ဖီမစ်ကားကို PDF ကပစ်ခတ်တာကြောင့် ယာဉ်မောင်းနှင့်အမျိုးသားတစ်ဦးဒဏ်ရာရ အမျိုးသမီးတစ်ဦးသေဆုံး


(ပြည်တွင်း)ဧပြီ ၈

စူပါကော်ဖီမစ် လိုက်လံရောင်းချနေသည့် ကားကို PDF အဖွဲ့ဝင်များက ပစ်ခတ်ခဲ့သည့်အတွက် ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ (၆)ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ရေစကြို – ပခုက္ကူလမ်း၊ ပန်းတိုင်းခြုံကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စူပါကော်ဖီမစ် ကုမ္ပဏီပိုင် 4G/6980 နံပါတ်ပါ Canda အမျိုးအစား၊ ဖြူ/ပြာ ရောင် ၊(၆)ဘီးယာဉ်ဖြင့် ရေစကြိုမြို့နယ် ဆင်ချောင်းကျေးရွာသို့ ပခုက္ကူမြို့တွင် နေထိုင်သည့် ယာဉ်မောင်း ဦးမြင့်ခိုင်နှင့် ကုမ္ပဏီဝန်ထမ်းများဖြစ်သည့် နေသူလွင်နှင့် မတင်ဇာဝင်းပြည့်တို့သည် စူပါကော်ဖီမစ်၊ စားသောက်ကုန်နှင့် လူသုံး ကုန်ပစ္စည်းများ ရောင်းချပြီး ပခုက္ကူမြို့သို့ ပြန်လာခဲ့စဉ်နေ့လယ် (၁၂)နာရီခွဲခန့်တွင် ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာ သစ်စက်အနီးသို့ အရောက်တွင် PDF အဖွဲ့ဝင်များမှ အဆိုပါယာဉ်အား လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

PDF အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ယာဉ်မောင်း ဦးမြင့်ခိုင်တွင် ဝမ်းဗိုက်ယာ ဘက်ခြမ်း ကျည်ပေါက်ဝင် ဒဏ်ရာ (၁)ချက်၊ ဝဲဘက်လက်ဖျံ ကျည်ပေါက်ဝင် ဒဏ်ရာ (၁) ချက်၊ ဝဲဘက်ခြေသလုံး ကျည်ထိမှန် ဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ)၊ ကိုနေသူလွင်တွင် ယာနားထင် ကျည်ထိမှန် ဒဏ်ရာ (၁)ချက်၊ ယာတင်ပါး ကျည်ထိမှန် ဒဏ်ရာ (၁)ချက် ( စိုးရိမ်ရ)နှင့် မတင်ဇာဝင်းပြည့်တွင် ယာပါးအောက် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာခြေ သလုံး ကျည်ပေါက်ဝင် ဒဏ်ရာ (၁)ချက်တို့ရရှိခဲ့ပြီး အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို နေ့ခင်း (၁)နာရီခွဲခန့်တွင် သုခကာရီလူမှုကူညီရေးအသင်း ကားဖြင့် ပခုက္ကူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။
PDF အကြမ်းဖက်များ၏ ပစ်ခတ်မှုကြောင့် စူပါကော်ဖီမစ် ကုမ္ပဏီပိုင် ယာဉ်၏ ရှေ့ယာဘက်ဘီးပွင့်ထွက်ကာ လေကာမှန်ကွဲခဲ့သဖြင့် တန်ဖိုးငွေ (၈၅၀၀၀၀) ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

PAN