(ပြည်တွင်း) အောက်တိုဘာ ၂၁
လောင်းရှည်-လှိုင်ဒုတ်-ကျင်ဒွေး ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများသည် အောက်တိုဘာ ၂၁ ရက်တွင် အဆိုပါလမ်းကြောင်းပေါ်ရှိ လှိုင်ဒုတ်ကျေးရွာကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါလမ်းကြောင်းတစ်ဝိုက်တွင် အခြေပြု၍ လှုပ်ရှားနေသည့် AA အဖွဲ့နှင့် CDF အမည်ခံ ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်ချေမှုန်းပြီး လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထုတ်ပြန်ချက်အရ AA အဖွဲ့နှင့် CDF အမည်ခံ ပူးပေါင်းအဖွဲ့များသည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်ရှိ ကျင်ဒွေးမြို့တွင် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစတင်၍ အင်အားအများအပြားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ကို ယာယီထိန်းချုပ်ကာ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုဖြစ်စဉ်များကြောင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံပြည်သူများသည် နေအိမ်အဆောက်အအုံများနှင့် ပစ္စည်းဥစ္စာများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကျင်ဒွေးမြို့ကို ယာယီထိန်းချုပ်ထားစဉ်အတွင်း ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာအဆောက်အအုံများ၌ ယာယီခံစစ်စခန်းများ ပြုလုပ်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ၏ နေအိမ်များနှင့် ဈေးဆိုင်ခန်းများကို ဖောက်ထွင်းကာ အဖိုးတန်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများကို အတင်းအဓမ္မယူဆောင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် စွပ်စွဲဖော်ပြထားသည်။

အလားတူ ကျင်ဒွေးမြို့မှတစ်ဆင့် လှိုင်ဒုတ်-လောင်းရှည် ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ဝင်ရောက်နေထိုင်၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လမ်းနှင့်တံတားများ ဖောက်ခွဲဖျက်ဆီးခြင်း၊ ခံစစ်စခန်းများ တည်ဆောက်ခြင်း၊ လမ်းကြောင်းတစ်လျှောက် မိုင်းထောင်ခြင်း၊ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များထံမှ ဆက်ကြေးကောက်ခံခြင်းနှင့် ခရီးသွားပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအခြေအနေများနှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များ ဖြတ်သန်းသွားလာမှုအပေါ် ကန့်သတ်ချက်များကြောင့် ဒေသတွင်းကုန်စည်စီးဆင်းမှု ရပ်တန့်ခဲ့ရပြီး ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့ကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများမှာ စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရသည့်အပြင် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝများလည်း ထိခိုက်နစ်နာခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအခြေအနေများကြောင့် လောင်းရှည်-လှိုင်ဒုတ်-ကျင်ဒွေးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် လောင်းရှည်တွင် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ပြီး စစ်ကြောင်းများခွဲ၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆင်ရေးအတွင်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် နေရာများမှာ စက်တင်ဘာ ၂၄ ရက်တွင် ပွိုင့်-၆၁၀ တောင်ကုန်း၊ စက်တင်ဘာ ၂၅ ရက်တွင် ရင်းကဲကျေးရွာ၊ စက်တင်ဘာ ၂၆ ရက်တွင် ပွိုင့်-၉၃၄ တောင်ကုန်းနှင့် ဆွဲလွဲကျင်းကျေးရွာ၊ စက်တင်ဘာ ၂၉ ရက်တွင် ပွိုင့်-၁၀၅၉ တောင်ကုန်း၊ အောက်တိုဘာ ၄ ရက်တွင် မဆွာတီကျေးရွာနှင့် အောက်တိုဘာ ၈ ရက်တွင် ပွိုင့်-၁၂၇၆ တောင်ကုန်းတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် အောက်တိုဘာ ၂၀ ရက်တွင် ကျင်ဒွေးမြို့၏ အရှေ့မြောက်ဘက် မီတာ ၁၂,၀၀၀ ခန့်အကွာ ပွိုင့်-၁၇၃၂ အနီးရှိ လက်နက်ကိုင်အဖွဲ့များ၏ စခန်းနေရာကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာ ၂၁ ရက်တွင် လှိုင်ဒုတ်ကျေးရွာကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

တပ်မတော်၏ ထုတ်ပြန်ချက်အရ အဆိုပါလမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများနှင့် လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ၏ အခြေပြုနေရာများကို ပြန်လည်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်ခဲ့ရာ တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း ၂၆ ကြိမ် ဖြစ်ပွားခဲ့ပြီး တစ်ဖက်အဖွဲ့ထံမှ အလောင်း ၁၁ လောင်း၊ လက်နက်မျိုးစုံ ၁၂ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။
လောင်းရှည်-လှိုင်ဒုတ်-ကျင်ဒွေး ဆက်သွယ်ရေးလမ်းကြောင်းသည် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်စီးဆင်းရေးအတွက် အရေးပါသည့်လမ်းကြောင်းဖြစ်သဖြင့် အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့ရသည့် အခြေခံအဆောက်အအုံများ၊ လမ်းနှင့်တံတားများကို ပြန်လည်ပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။