ရိုးရာအနုပညာ၏ မူလတန်ဖိုးများ မပျောက်ပျက်စေရေးနှင့် ခေတ်နှင့်လျော်ညီသည့် ဖန်တီးမှုများ ပြုလုပ်ကြရန် သမ္မတတိုက်တွန်း

(ယဉ်ကျေးမှု) အောက်တိုဘာ ၂၂

မျိုးဆက်သစ်များအနေဖြင့် ရိုးရာအနုပညာ၏ သမိုင်းနောက်ခံ၊ အဓိပ္ပာယ်နှင့် အနှစ်သာရများကို နားလည်သဘောပေါက်ရန် လိုအပ်ပြီး ထိုသို့ နားလည်မှသာ မိမိတို့၏ ဖန်တီးမှုများတွင် ရိုးရာတန်ဖိုးများကို ထိန်းသိမ်းနိုင်မည်ဖြစ်သကဲ့သို့ ခေတ်နှင့်လျော်ညီသည့် အနုပညာလက်ရာများကိုလည်း ဖန်တီးတင်ဆက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယနေ့ခေတ်တွင် နည်းပညာဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် အနုပညာဖန်တီးမှု၊ မှတ်တမ်းတင်မှုနှင့် ဖြန့်ဝေမှုတို့အတွက် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာကြောင်း၊ ယင်းအခွင့်အလမ်းများကို မှန်ကန်စွာ အသုံးချနိုင်ပါက မြန်မာ့အနုပညာကို လူငယ်များ ပိုမိုစိတ်ဝင်စားလာစေရန်နှင့် နိုင်ငံတကာပရိသတ်များထံ မိတ်ဆက်ဖော်ပြနိုင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် ခေတ်မီတိုးတက်မှုကို လက်ခံအသုံးချရာတွင် မိမိတို့၏ ရိုးရာအနုပညာအနှစ်သာရနှင့် မူလတန်ဖိုးများ မပျောက်ပျက်စေရေးကို အထူးဂရုပြုကြရန် လိုအပ်ကြောင်း၊ ရိုးရာအနုပညာကို အခြေခံ၍ ခေတ်နှင့်လျော်ညီသည့် ဖန်တီးမှုများ ပြုလုပ်ကြရန်၊ ပညာရပ်ဆိုင်ရာ အရည်အသွေးကို အစဉ်တစိုက် မြှင့်တင်ကြရန်နှင့် မြန်မာ့အနုပညာ၏ ထူးခြားသည့် အလှတရားများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးကြရန် အလေးအနက် တိုက်တွန်းမှာကြားလိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တက်ရောက်ဖွင့်လှစ်ပေးကာ အမှာစကားပြောကြားခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဋ္ဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီးအပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

Telegram – t.me/positiveanglenews

#PAN