“အစားအသောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ထောင်ဒဏ်နှင့်ငွေဒဏ်တိုးမြှင့်”

မတ်လ ၂၃

အမျိုးသားအစားအသောက်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ(၂၀၂၄ ခုနှစ်)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ က မတ်လ ၂၀ ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်ပြီး ပြင်ဆင်လိုက်တဲ့ဥပဒေမှာ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ တိုးလာတယ်လို့ သိရပါ တယ်။ အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) ကနေ (ဆ)မှာပါတဲ့ အစားအသောက်နဲ့ သက်ဆိုင်တဲ့ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ်ဆယ်နှစ်အထိ တစ်မျိုးမျိုးချမှတ်ခံရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းကနေ အများဆုံး ကျပ်သိန်း ၃၀ အထိ ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြင်ဆင်ထားတယ်လို့ သိရပါ တယ်။
မူလကတော့ အဆိုပါ ပုဒ်မခွဲတွေကို ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ် ၃ နှစ်အထိ၊ ကျပ်သုံးသိန်း ထက် မပိုသည့် ငွေဒဏ်နဲ့ ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ ပုဒ်မ ၂၂ ရဲ့ ပုဒ်မခွဲ (ဇ) ဒါမှမဟုတ် (ဈ) မှာပါတဲ့ အစားအသောက်နဲ့ ဆိုင်တဲ့ ပြစ်မှုကျူးလွန်ပါက တစ်နှစ်ထိ ထောင်ဒဏ်၊ ကျပ် ငါးသိန်းအထိ ငွေဒဏ်နဲ့ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခဲ့ပါတယ်။ အခုပြင်ဆင်လိုက်တဲ့ ပြစ်ဒဏ်တွေက အရင်ကထက် ဒဏ်ငွေ တိုးလာတာကို တွေ့ရပါတယ်။
ဒါ့အပြင် အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၃ မှာပါတဲ့ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ဆယ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ခံရမယ့်အပြင် ကျပ် ၁၀ သိန်းကနေ ကျပ်သိန်း ၅၀ အထိ ငွေဒဏ် ချမှတ် နိုင်တယ်လို့ ပြင်ဆင်လိုက်တာကြောင့် အရင်ကထက် ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ တိုးလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၃၀ ပါ ငွေဒဏ် ကျပ်တစ်သိန်းကနေ ကျပ် သုံးသိန်း အစား ကျပ် သုံးသိန်းကနေ ကျပ်သိန်း ၃၀ ထိ၊ ပုဒ်မ ၃၁ ပါ ထောင်ဒဏ် သုံးနှစ်၊ ငွေဒဏ် ကျပ် တစ်သိန်းကနေ ကျပ်သုံးသိန်းအထိ  နဲ့ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အစား ငါးနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုး နဲ့ ကျပ်သုံးသိန်းကနေ ကျပ် သိန်း ၃၀ အထိ ငွေဒဏ် လည်း ချမှတ်နိုင်တယ်လို့ ပြင်ဆင်ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews