အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေး (၄)ထပ် ကုသဆောင်သစ် ဖွင့်ပွဲပြုလုပ်

မတ် ၂

အရိုးရောဂါအထူးကုဆေးရုံကြီး – မန္တလေး (၄)ထပ် ကုသဆောင်သစ် ဖွင့်ပွဲကို မတ်လ (၁)ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အရိုးရောဂါအထူးကုဆေးရုံကြီး – မန္တလေး (၄)ထပ် ကုသဆောင်သစ်ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက ဖွင့်လှစ်ကေးခဲ့ကြပြီး (၄)ထပ်ကုသဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုပြီး ကုသရေးလုပ်ငန်းများ ပြောင်းရွှေ့ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်တာတွေကိုမှာကြားခဲ့ကြောင်း သိရသည်။

(၃)နှစ် အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားထားခဲ့ရသည့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများ၊ အသည်းအစားထိုးခွဲစိတ်ကုသမှုများကိုလည်း ပြန်လည်နိုင်ခဲ့ပါကြောင်း၊ အရိုးအကြောခွဲစိတ်ကုသမှုနှင့်ပတ်သက်၍လည်း ခက်ခဲ့သည့် လုံးဝပြတ်တောက်သွားသောလက်၊ လက်မောင်း၊ လက်ချောင်းများကို ပြန်လည်ဆက်ပေးနိုင်သည့် ခွဲစိတ်ကုသမှုများကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ချီးမြှင့်သည့် ဆေးပညာထူးချွန်တံဆိပ်ရရှိသူများရှိခဲ့သကဲ့သို့ ခုတင်(၁၀၀)နှင့် အထက် ပြည်သူ့ဆေးရုံများတွင် အထူးကုဌာနများ ဖွင့်လှစ်ထားရှိရာမှ ခုတင်(၅၀)ဆံ့ ဆေးရုံများအထိ အထူးကုဌာနများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အထူးကုပြင်ပလူနာကြည့်ရှုမှု အချိန်များကိုလည်း တိုးချဲ့ကြည့်ရှုပေးလျက်ရှိသည်ဟု ကုသရေးဆိုင်ရာ အောင်မြင်မှုများနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးမှပြောသည်။

ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ကွင်းဆင်းကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ပြည်သူများလူမှုဘဝ တိုးတက်ရေးအတွက် မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုနှင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသမှုတို့ကို ကျွမ်းကျင်ဆေးပညာရှင် အဖွဲ့များဖြင့် နိုင်ငံတစ်ဝန်းသို့ အလှည့်ကျသွားရောက် အားဖြည့်ဆောင်ရွက်လျက်ရှိပြီး ဓာတ်ခွဲစစ်ဆေးမှုများကို ဆေးရုံအဆင့်အလိုက် သတ်မှတ်ထားသော စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက် ထားခြင်းကြောင့် ပြည်သူများ အနေဖြင့် ပြည်သူ့ဆေးရုံများ၌ပင် ဓာတ်ခွဲစစ်ဆေးမှုများစွာကို အခမဲ့ရရှိနိုင်စေရေး ဆောင်ရွက်ထားပြီး ကုသရေးလုပ်ငန်းများ ပိုမိုကောင်းမွန် စေရေးအတွက် ပြည်သူ့ဆေးရုံများတွင် ဆေးရုံအဆောက်အဦများ တိုးချဲ့ဆောက်လုပ်သကဲ့သို့ သင်ကြားရေးပိုင်းတွင်လည်း အဆောက် အဦများ တိုးချဲ့ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ မန္တလေးမြို့တွင် ဗဟိုအဆင့်ဆေးရုံ (၈)ရုံ ဖွင့်လှစ်ကာ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးမှ ဖွင့်ပွဲအခမ်းအနားတွင် ပြောဆိုခဲ့သည်။

အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေးတွင် အထွေထွေအရိုးရောဂါကုသခြင်း၊ ခါးရိုးပိုင်း ဆိုင်ရာခွဲစိတ်ကုသခြင်း၊ လက်ပိုင်းဆိုင်ရာအနုစိတ်ခွဲစိတ်ကုသခြင်း၊ ဒူးဆစ်ရိုး၊ ပေါင်ထိပ်ရိုး အစားထိုးကုသခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး အရိုးရောဂါဆိုင်ရာပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့် အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာနတို့မှ ရုံးဖွင့်ရက် များတွင် နေ့စဉ် ပြင်ပလူနာ ကြည့်ရှုကုသမှုများ ဆောင်ရွက်ပေးကာ တနင်္လာနှင့် ဗုဒ္ဓဟူးနေ့ များတွင် မွေးရာပါ ခြေခွင်လူနာများအား ကြည့်ရှုကုသပေးခြင်း၊ အရိုးရောဂါအထူးပြု ပါရဂူဘွဲ့သင်တန်းသားများ၊ မဟာဘွဲ့သင်တန်းများ၊ သူနာပြု အရိုးအထူးပြု ဒီပလိုမာ သင်တန်းသားများနှင့် မဟာဘွဲ့ သင်တန်းသားများကိုလည်း လေ့ကျင့်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။

ယခုဖွင့်လှစ်သော (၄)ထပ် ကုသဆောင်သစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ တည်ဆောက်ရေး(၂)၊ အဆောက်အဦအထူးအဖွဲ့(၆)က တာဝန်ယူ တည်ဆောက်ခဲ့ပြီး စီမံကိန်းတန်ဖိုး (၂,၀၅၆.၀၇) ကျပ်သန်း အသုံးပြုကာ တည်ဆောက်ခဲ့ကာ (၃၇၂၀၀ စ/ပေ) အကျယ်အဝန်းရှိပြီး၊ မြေညီထပ်တွင် အရိုးနှင့်ထိခိုက်ဒဏ်ရာကုသ ဆောင်၊ ပထမထပ်တွင် ကျောရိုးခွဲစိတ်ကုသဆောင်၊ ဒုတိယထပ်တွင် အဆစ်အစားထိုးခွဲစိတ် ကုသဆောင်နှင့် တတိယထပ်တွင် အရိုးကင်ဆာခွဲစိတ်ကုသဆောင်နှင့်အစည်းအဝေးခန်းများ ပါဝင်ဖွဲ့စည်းထားကာ လူနာများ အဆင်ပြေစေရေးအတွက် ပင်မ လှေကား(၁)ခု၊ ဘေးလှေကား (၂)ခုအပြင် (၂၁)ဦးဆံ့ ဓာတ်လှေကား(၁)ခုနှင့် (၈)ဦးဆံ့ ဓာတ်လှေကား(၁)ခုကိုလည်း တပ်ဆင် ထားကြောင်းလည်း သိရပါသည်။


အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေး (၄)ထပ် ကုသဆောင်သစ်အား တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#PAN