ယူကရိန်းသမ္မတက စိတ်ကူးယဉ်သူဟု Politico မဂ္ဂဇင်းက ဖော်ပြထား

နိုဝင်ဘာ ၃၀

    ယူကရိန်းသမ္မတ ဇလန်စကီးသည် စိတ်ကူးယဉ်သူတစ်ဦးဖြစ်ကြောင်းနှင့် လာမည့်နှစ်သည် ၎င်းအတွက် စိန်ခေါ် မှု အများဆုံးနှစ်ဖြစ်မည် ဖြစ်ကြောင်း Politico မဂ္ဂဇင်းက ဖော်ပြထား သည်။ Politico မဂ္ဂဇင်းက လွှမ်းမိုးမှု ရှိသော လူပုဂ္ဂိုလ်များစာရင်းကို အပိုင်းသုံးပိုင်းခွဲကာ ထုတ်ပြန်ခြင်းဖြစ်ပြီး ပထမတစ်ပိုင်းမှာ စိတ်ကူးယဉ်သူများ၊ ဒုတိယတစ်ပိုင်းမှာ အလုပ်လုပ်သူများ၊ တတိယတစ်ပိုင်းမှာ နှောက်ယှက်သူများဖြစ် သည်ဟု မဂ္ဂဇင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

       ထို့နောက် စိတ်ကူးယဉ်သူများစာရင်းတွင် ယူကရိန်းသမ္မတ ဇလန်စကီးက ထိပ်ဆုံး၌ ရပ်တည်နေ ကြောင်းနှင့် ထိုစာရင်းတွင် ပါဝင်သူများသည် ငြင်းခုံဆွေးနွေးမှုများကို ဖြစ်ပေါ်စေသည့် စိတ် ကူးများကို တင်ဆက် ပေးနိုင်သူများဖြစ်ကြောင်း မဂ္ဂဇင်းက ရေးသားထားသည်။ ဇလန်စကီး ကို ဝင်စတန်ချာချီ၊ မာတင်လူသာကင်း၊ နယ်လ်ဆင်မန်ဒဲလားတို့နှင့် နှိုင်းယှဉ်ပါက ၎င်း၏ ရန်လိုသော ပြောဆိုမှုများ၊ လူသိရှင်ကြား ထွင်လုံးထုတ်ခြင်း များကြောင့် အနောက်နိုင်ငံများက ယူကရိန်းကို ထောက်ပံ့ကာ လက်နက်များ တပ်ဆင်ပေးပြီး ရုရှားနှင့် ရင်ဆိုင်တိုက်ခိုက်စေခြင်း ဖြစ်ကြောင်း မဂ္ဂဇင်းက မှတ်ချက်ပြုထားသည်။

       ထို့ပြင်လာမည့်နှစ်သည် ဇလန်စကီးအတွက် စိန်ခေါ်မှုရှိသော နှစ်ဖြစ်လာမည်ဖြစ်ကြောင်း၊ အကြောင်းရင်းမှာ ကျန်ရှိသည့် တစ်ကမ္ဘာလုံးက လက်ရှိပဋိပက္ခအပေါ်စိတ်ဝင်စားမှု မရှိတော့ခြင်း ၊ မူလယူကရိန်း နိုင်ငံသားများမှာလည်း နှစ်နှစ်ကြာ စစ်ပန်းမှုဒဏ်နှင့် ရုန်းကန်နေရခြင်းတို့ကြောင့် ဖြစ် ကြောင်း မဂ္ဂဇင်း၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။ တစ်ချိန်တည်းမှာပင် ဇလန်စကီးသည် အကူအညီအတွက် အနောက်နိုင်ငံများကို တောင်းပန်တိုးလျှိုးခြင်းမှသည် ၎င်းတို့ကို သင်ခန်းစာပို့ချပေးနိုင်စေရေးဆီသို့ ဦးတည်နေသော်လည်း ထင်သလောက် ခရီးမပေါက်ကြောင်း Politico မဂ္ဂဇင်းက ရေးသားထား သည်။

      ထို့အတူ ၂၀၂၂ ခုနှစ် မေလတွင် ဇလန်စကီးအပေါ် လူထုထောက်ခံမှုသည် ၉၁ ရာခိုင်နှုန်းရှိရာမှ ယခုနှစ် အောက်တိုဘာလ တွင် ၇၆ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ကို တွေ့ရသည်ဟု ကိယက် လူမှုဗေဒတက္ကသိုလ်၏ စစ်တမ်းတွင် ဖော်ပြထားကြောင်း RT သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

#PAN