ဘယ်လ်ဂျီယံနှင့် ဆွီဒင်ပွဲစဉ်ကို ပြန်ကစားခွင့်မပြုဘဲ ၁ ဂိုးစီသရေရလဒ် သတ်မှတ်

အောက်တိုဘာ ၂၀

ဘယ်လ်ဂျီယံနှင့် ဆွီဒင်အသင်းတို့၏ ယူရိုခြေစစ်ပွဲစဉ်ကို ပြန်ကစားခွင့်ပြုမှာမဟုတ်ဘဲ ပွဲရပ်နားချိန်က ရလဒ်ဖြစ်တဲ့ တစ်ဂိုးစီသရေ ရလဒ်သာ သတ်မှတ်ကြောင်း ကြာသပတေးနေ့က ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)မှ အတည်ပြုထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့သော ဘယ်လ်ဂျီယံနှင့် ဆွီဒင်အသင်းတို့၏ ယူရိုခြေစစ်ပွဲမှာ ပထမပိုင်းတွင် (၁-၁) ဂိုးဖြင့် သရေကျခဲ့ပြီး ဒုတိယပိုင်း၌ ဆွီဒင်ကစားသမားများက ဆက်ကစားရန် ငြင်းဆန်ခဲ့သောကြောင့် ပွဲကို ရပ်နားခဲ့ရခြင်းဖြစ်သည်။

ကွင်းအနီးတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှု၌ ဆွီဒင်ပရိသတ်နှစ်ဦး သေဆုံးခဲ့သည့်အတွက် ဆွီဒင်ကစား သမားများက ဒုတိယပိုင်းဆက်ကစားရန် ငြင်းဆန်ခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများကလည်း လုံခြုံရေးအခြေအနေအရ ပွဲကိုရပ်နားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲရလဒ်မှာ ခြေစစ်ပွဲအောင်မြင်ရေးအတွက် သက်ရောက်မှုရှိနိုင်မည်မဟုတ်သောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆွီဒင်ပရိသတ်နှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် သေနတ်သမားအား ဘရပ်ဆဲလ်မြို့တွင်းတွင် အသေဖမ်းမိခဲ့ကြောင်းကိုလည်း ဒေသရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။