သန်လျင်တံတားသစ် တည်ဆောက်မှု ၈၀ ရာခိုင် နှုန်းပြီးစီးနေပြီဖြစ်

အောက်တိုဘာ ၁၇

        ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ် တို့ကို ဆက်သွယ်ထားသော  ပဲခူးမြစ်ကူးတံတား သန်လျင်တံတားသစ် အမှတ် (၃) တည် ဆောက်မှုလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါ သည်။

        ပဲခူးမြစ်ကို ဖြတ်သန်းကာ တည်ဆောက်လျက်ရှိနေသည့် ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး သန်လျင်တံတားသစ် အမှတ် (၃) ကို ၂၀၁၉ ခုနှစ်မေလကစပြီး ၅ နှစ်စီမံကိန်းနှင့် တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတွင်း နိုင်ငံရေး အပြောင်းအလဲကြောင့် တစ်နှစ်ကြာရပ်နားခဲ့ရပြီး ၂၀၂၃ ခုနှစ်မှာ တံတားတည် ဆောက်ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု သိရပါသည်။

       တံတားတည်ဆောက်ရေး စီမံကိန်းအတွက် JICA မှ ODA ချေးငွေ ဂျပန်ယန်း ၃၁ ဘီလီယံ ထောက်ပံ့ပေးထားပြီး အပိုင်း ၃ ပိုင်းခွဲကာ တည် ဆောက်နေခြင်းဖြစ်ပါသည်။ အဆိုပါတံတားကို လာမည့် ၂၀၂၄ ခုနှစ်တွင် ပြီးစီးအောင်တည် ဆောက်နေခြင်းဖြစ်ကြောင်း သိရပါသည်။

      သန်လျင်တံတား အမှတ်(၃)၏ အရှည်မှာ ၃,၅၀၀ မီတာရှိပြီး သံကူကွန်ကရစ်၊ သံမဏိကြိုးဆိုင်းတံတား၊ သံမဏိရက်မဆိုပြီး  အပိုင်း ၃ ပိုင်းခွဲတည်ဆောက်ကာ အပိုင်း ၁ လုပ်ငန်းတွင် တံတား အရှည် ၁,၃၁၂ မီတာ၊ အပိုင်း ၂ လုပ်ငန်းတွင် တံတားအရှည် ၁,၃၆၃ မီတာ၊ အပိုင်း ၃ လုပ်ငန်းတွင် တံတားအရှည် ၈၂၅ မီတာပါဝင်ပြီး ပင်မတံတားအကျယ် ၂၂ ဒသမ ၉ မီတာ၊ ရေ လမ်းကင်းလွတ်အမြင့် ၁၃ မီတာရှိကာ တံတားခံနိုင်ဝန် ခွင့်ပြုအလေးချိန်အနေနှင့် ယာဉ်တစ်စီးချင်း ၇၅ တန်အထိ ဖြစ်ပါသည်။

       အဆိုပါ တံတားသစ်တည်ဆောက်ခြင်းလုပ် ငန်းများ ဆောင်ရွက်မှုပြီးစီးပါက သန်လျင်မြို့နယ်အတွင်းရှိ သီလဝါ အထူးစက်မှုဇုန် အပါ အဝင် ခရမ်း၊ သုံးခွနှင့် ကျောက်တန်းမြို့နယ်တို့ရှိ စီးပွားရေးဇုန်များအပြင် ပဲခူးမြို့နယ်သို့ လွယ်ကူ လျင်မြန်စွာ သွားလာနိုင်မှာဖြစ်ပြီး ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် လက်ရှိအသုံးပြုလျက်ရှိသည့် သန်လျင်တံတား အမှတ်(၁) ချဉ်းကပ်အနီးတွင် တည်ဆောက်နေခြင်းဖြစ်ကာ ဂျပန်နည်းပညာနှင့် ဂျပန်အတိုင်ပင်ခံ အင်ဂျင်နီယာများက တည် ဆောက် ရေးလုပ်ငန်းများကို ပူးပေါင်းဆောင် ရွက်နေခြင်း ဖြစ်ပါသည်။

#PAN