စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာတွင် မိခင်ဖြစ်သူကို သွားရောက်ကန်တော့သော ဒုရဲအုပ် မိသားစုကို လူသတ်အကြမ်းဖက် PDF အဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

စက်တင်ဘာ ၁၄

     မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ် သန်းမင်းစိုးနှင့် ဇနီး ဒေါ်သူဇာထွန်းကို စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာအနီးတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်ခန့်က လူသတ်အကြမ်းဖက် PDF အဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

     ဖြစ်စဥ်မှာ ဒုရဲအုပ် သန်းမင်းစိုးသည် ဇနီးဒေါ်သူဇာထွန်း၊ သမီးဖြစ်သူ မခင်ဂျူးဂျူးစိုး၊ ၉ နှစ်နှင့် သားဖြစ်သူ မောင်ကောင်းဇေပိုင်မင်းစိုး၊ ၂ နှစ် တို့နှင့်အတူ Honda Fit ခဲရောင် မော်တော်ယာဉ်ဖြင့် စစ်ကိုင်းမြို့၏ အနောက်ဘက် (၇) မိုင်ခန့်အကွာရှိ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူ ကျေးရွာသို့ သွားရောက်ခဲ့ကြောင်း၊ သလွန်ဖြူကျေးရွာအနီးရှိ ရွှေဘုံသာဘုန်းကြီးကျောင်းအနီး ရောက်ရှိခဲ့ပြီး ကားကို ရပ်ထားခဲ့ကာ သလွန်ဖြူကျေးရွာရှိ ဒေါ်သူဇာထွန်း၏ မိခင်ဖြစ်သူ ဒေါ်လှမြိုင် အားကန်တော့ခဲ့ပြီး ပြန်လာစဉ် လူသတ်အကြမ်းဖက်
PDF အဖွဲ့  ၈ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

      ထိုသို့ ပစ်ခတ်မှုကြောင့် ဒုရဲအုပ် သန်းမင်းစိုးတွင် နဖူးနှင့် ဝဲနားထင်ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်းနှင့် သားဖြစ်သူ မောင်ကောင်းဇေပိုင်မင်းစိုးတွင် တင်ပါးကျည်ရှပ်ထိဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

      ၎င်းနောက်တွင် အကြမ်းဖက် PDF အဖွဲ့ဝင်များအနေဖြင့် ဒုရဲအုပ် သန်းမင်းစိုး၏ ဇနီးဖြစ်သူ ဒေါ်သူဇာထွန်းအား ကျေးရွာ အနောက်ပိုင်းသို့ ခေါ်ဆောင်သွားပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ငယ်ထိပ်ကျည် ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

      ထိုသို့ ပစ်ခတ်ပြီးနောက် အကြမ်းဖက် PDF အဖွဲ့များသည် ဒေါ်သူဇာထွန်း၏ အလောင်းအား ဒုရဲအုပ် သန်းမင်းစိုး၏ အလောင်းအနီးသို့ ပြန် လည် သယ်ဆောင်ထား ရှိခဲ့ကြောင်းနှင့် အကြမ်း ဖက်သမား PDF များသည် မော်တော်ယာဉ်အား ယူဆောင်ကာ ညောင်ကုန်းကျေးရွာဘက်သို မောင်းနှင်ထွက်ခွာသွားကြောင်း သိရသည်။

      ထို့နောက်တွင် သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိသူကလေး ၁ ဦးတို့ကို အိုးဘိုလူမှုကူညီရေးအသင်းယာဉ်ဖြင့် စစ်ကိုင်းဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အား ဆေးကုသပေးလျှက်ကြောင်း သတင်းရရှိပါသည်။

#PAN