(နိုင်ငံရေး) နိုဝင်ဘာ ၂၆
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ချမှတ်ခဲ့သည့် စီရင်ချက်ကို ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားများပါတီ (RNP) က သဘောထားထုတ်ပြန်သည်။
အဆိုပါစီရင်ချက်တွင် အဓိကဆုံးဖြတ်ချက် ၁၃ ချက် ပါဝင်ပြီး တရားသူကြီး ၁၅ ဦး၏ မဲခွဲဆုံးဖြတ်မှု၌ အချို့သောအချက်များအတွက် ၉ ဦးနှင့် ၆ ဦး သဘောထားကွဲလွဲခဲ့ကြောင်း ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပါတီက ယခုအမှုတွင် တရားလိုဂမ်ဘီယာနိုင်ငံဘက်မှ အဓိကစွပ်စွဲခဲ့သည့် အကြောင်းအရာများ၌ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလီ (မူဆလင်) အကြမ်းဖက်အုပ်စုများ၏ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် မူရင်းဌာနေတိုင်းရင်းသားလူမျိုးများ၏ လုံခြုံစွာနေထိုင်ရေးကို ကျူးကျော်တိုက်ခိုက်ခဲ့မှုများမှ စတင်ခဲ့သည့် အခြေအနေများကို ချန်လှပ်ထားပြီး တစ်ဖက်သတ်ဆုံးဖြတ်ခဲ့သည်ဟု ဝေဖန်ထားသည်။
ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာကာ အိမ်နီးချင်းနိုင်ငံသို့ ရောက်ရှိနေသူများ ပြည်တွင်းသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့က ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ICJ ၏ ဆုံးဖြတ်ချက်သည် ဘင်္ဂလီ (မူဆလင်) များ၏ အခွင့်အရေးကိုသာ တစ်ဖက်သတ်သုံးသပ်ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု RNP က သဘောထားဖော်ပြပြီး ယင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဘိုးဘွားအစဉ်အဆက် နေထိုင်လာခဲ့သည့် မူရင်းဌာနေတိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခွင့်အရေးများနှင့် အသက်ရှင်ရပ်တည်နိုင်ရေးကို ခြိမ်းခြောက်ရာရောက်ကြောင်း ဆိုသည်။
ထို့အပြင် မူရင်းဌာနေတိုင်းရင်းသားလူမျိုးများနှင့် ဘင်္ဂလီ (မူဆလင်) များအကြား အေးချမ်းစွာ အတူတကွ ပြန်လည်နေထိုင်နိုင်ရေးနှင့် လူမှုသဟဇာတဖြစ်မှုတို့ကိုလည်း ထိခိုက်စေနိုင်ကြောင်း ပါတီက သုံးသပ်ထားသည်။
သို့ဖြစ်၍ အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်းနှင့် ရခိုင်တိုင်းရင်းသားများပါတီအနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေးနှင့် အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မူရင်းဌာနေတိုင်းရင်းသားလူမျိုးများ၏ ဘဝလုံခြုံရေးတို့ကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

Telegram – t.me/positiveanglenews
#PAN