(ပြည်တွင်း) နိုဝင်ဘာ ၂၆
အငြိမ်းစားဝန်ထမ်းများ လစဉ်ပင်စင်လစာကို အဆင်ပြေလွယ်ကူစွာ ထုတ်ယူနိုင်ရန် အငြိမ်းစားအချက်အလက်များ ပြန်လည်စာရင်းသွင်းခြင်းနှင့် အငြိမ်းစားဗဟိုပြု ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေကြောင်း ပင်စင်ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ပင်စင်လစာနှင့် ဆုငွေများကို ဒီဂျစ်တယ်စနစ်ဖြင့် ပေးချေနိုင်ရန် Pension Payment and Management System (PPMS) ကို ရေးဆွဲထားပြီး အငြိမ်းစားများ၏ အချက်အလက်များကို စနစ်တကျ စုစည်းထည့်သွင်းနိုင်ရေး၊ မှန်ကန်တိကျမှုရှိစေရေးနှင့် ပင်စင်ထုတ်ယူရာတွင် လွယ်ကူလျင်မြန်စေရေးတို့အတွက် PayMe Solution Limited က PPMS စနစ်အတွင်း အငြိမ်းစားအချက်အလက် ပြန်လည်စာရင်းသွင်းခြင်း (Enrollment) လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ ရပ်ကွက်၊ ကျေးရွာများနှင့် မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ကွင်းဆင်းဆောင်ရွက်နေခြင်းဖြစ်သည်။
အငြိမ်းစားများ၏ အချက်အလက်များ ကောက်ယူရာတွင် ကိုယ်ရေးအချက်အလက်များအပြင် သက်ရှိထင်ရှားရှိကြောင်း အတည်ပြုနိုင်ရန် Face ID ရယူခြင်းနှင့် အသုံးပြုမည့် ဖုန်းနံပါတ်သို့ SMS OTP Code ပေးပို့အတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပြီး အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကိုပါ ပူးတွဲပေးအပ်နေကြောင်း သိရသည်။
ပင်စင်လစာထုတ်ယူရာတွင် အငြိမ်းစားများ၏ ဆန္ဒအလျောက် PayMe Solution Limited က ဝန်ဆောင်မှုပေးသည့် PinSinPay User Application မှတစ်ဆင့် Agent များထံမှ ထုတ်ယူခြင်း၊ ယခင်အတိုင်း မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ထုတ်ယူခြင်းနှင့် Mobile Agent များမှတစ်ဆင့် ထုတ်ယူခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။
ထို့ပြင် ပင်စင်လစာကို ငွေစုဘဏ်စာရင်း၊ စာရင်းရှင်စာရင်းနှင့် ATM စာရင်းများသို့ ပြောင်းလဲထည့်သွင်းစေပြီး ထုတ်ယူနိုင်မည်ဖြစ်ကာ အငြိမ်းစားများအနေဖြင့် မိမိနှစ်သက်ရာနည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်ကြောင်း ပင်စင်ဦးစီးဌာနက အသိပေးထားသည်။

Telegram – t.me/positiveanglenews
#PAN