ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့် ငွေကြေးကောက်ခံမှုဆိုင်ရာ အမှုပေါင်း ၇၁ မှုတွင် လူ ၁၉၉ ဦးကို အရေးယူထား

(ပြည်တွင်း) နိုဝင်ဘာ ၂၆

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တရားမဝင်ငွေကြေးကောက်ခံမှုနှင့် အဓမ္မဆင့်ခေါ်မှုများ ပြုလုပ်ခဲ့သူများကို စိစစ်အရေးယူခဲ့ရာ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ အမှုပေါင်း ၇၁ မှုတွင် တရားခံ ၁၉၉ ဦးကို အရေးယူထားကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ ငွေကြေးဆိုင်ရာ မသမာမှု ၄၉ မှုတွင် တရားခံ ၁၀၂ ဦးနှင့် အဓမ္မဆင့်ခေါ်မှုဆိုင်ရာ ၂၂ မှုတွင် တရားခံ ၉၇ ဦးတို့ကို အရေးယူထားခြင်းဖြစ်သည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ထံ တိုင်ကြားလာမှုများအပေါ် အရေးယူဆောင်ရွက်ခဲ့ရာ ငွေကြေးဆိုင်ရာ တိုင်ကြားမှု ၁၈၂ မှုအနက် ၉၁ မှုကို အရေးယူပြီးစီးခဲ့ပြီး ၅၆ မှုကို စိစစ်ဆဲဖြစ်ကာ ၃၅ မှုမှာ မမှန်မကန်တိုင်ကြားမှုများဖြစ်ကြောင်း သိရသည်။

အဓမ္မဆင့်ခေါ်မှုဆိုင်ရာ တိုင်ကြားမှု ၄၃ မှုတွင်လည်း ၁၇ မှုကို အရေးယူပြီးစီးခဲ့ပြီး ၁၄ မှုကို စိစစ်ဆဲဖြစ်ကာ ၁၂ မှုမှာ မမှန်မကန်တိုင်ကြားမှုများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများအရ အကျုံးဝင်သည့် အမျိုးသားများကို ပြည်သူ့စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်လျက်ရှိရာ အချို့သူများက အခြားရပ်ရွာများသို့ ရှောင်တိမ်းခြင်း၊ ပြည်ပသို့ ထွက်ခွာခြင်းနှင့် အခကြေးငွေပေး၍ လူစားထိုးခြင်းများ ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။

ယင်းအခြေအနေများကို အကြောင်းပြု၍ အချို့နေရာများတွင် တာဝန်ရှိသူများအဖြစ် အယောင်ဆောင်သူများက အဓမ္မဖမ်းဆီးကာ ငွေကြေးရယူပြီး ပြည်သူ့စစ်မှုထမ်းအဖြစ် စာရင်းသွင်းစေခြင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့က ပြည်သူ့စစ်မှုထမ်းဆောင်မည့်သူများကို ထောက်ပံ့ပေးရန်ဟုဆိုကာ လစဉ်ငွေကြေးကောက်ခံခြင်းနှင့် ငွေကြေးဖြင့် လူစားထိုးစေခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါလုပ်ရပ်များသည် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများကို ချိုးဖောက်၍ တရားမဝင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ဖော်ပြထားပြီး ဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က စိစစ်ဖော်ထုတ်အရေးယူလျက်ရှိကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေဖြင့် ဆင့်ခေါ်ရေးလုပ်ငန်းစဉ်များကို ဥပဒေနှင့် နည်းဥပဒေများအတိုင်း ဆောင်ရွက်စေရေး ကြပ်မတ်လျက်ရှိပြီး ခရီးသွားပြည်သူများကို အတင်းအဓမ္မခြိမ်းခြောက်ဆင့်ခေါ်ခြင်း၊ ညအချိန်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ငွေကြေးဖြင့် လူစားထိုးဆင့်ခေါ်ခြင်းနှင့် ရပ်ကွက်၊ ကျေးရွာများတွင် တရားမဝင်ငွေကြေးကောက်ခံခြင်းများ လျော့နည်းပပျောက်စေရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းကာ ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြထားသည့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သတင်းပေးတိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အသိပေးထားသည်။

Telegram – t.me/positiveanglenews

#PAN