ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကုန်တင်ယာဉ်တိမ်းမှောက်

(မှုခင်း) နိုဝင်ဘာ ၁၂

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၃/၁ အနီးတွင် ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် ကုန်တင်ယာဉ်တစ်စီး လမ်းလယ်ကျွန်းရှိ အရိပ်ရသစ်ပင်အား ဝင်တိုက်ပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦး လိုက်ပါလာသော Telematics စနစ်တပ်ဆင်ထားသည့် NISSAN CONDOR အမျိုးအစား အဖြူရောင်ကုန်တင်ယာဉ် (2H-3589) သည် အမြန်လမ်းမိုင်တိုင်အမှတ် ၁၉၃/၁ အရောက်တွင် ယာဉ်မောင်းအိပ်ငိုက်ကာ လမ်းလယ်ကျွန်းရှိ အရိပ်ရသစ်ပင်ကို ဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း အရိပ်ရသစ်ပင်နှင့် လမ်းလယ်ကျွန်းတွင် တပ်ဆင်ထားသည့် အကာအရံအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုများ၏ အများစုမှာ ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သဖြင့် ယာဉ်မောင်းများအနေဖြင့် နှစ်နာရီဆက်တိုက် မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တအနားယူရန်၊ ယာဉ်ပေါ်ပါသူအားလုံး ထိုင်ခုံခါးပတ် ပတ်ထားရန်နှင့် သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်းမပြုရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတိပေးထားသည်။

Telegram – t.me/positiveanglenews

#PAN