မယ်ဆိုင်မြစ်ရေညစ်ညမ်းမှု ဖြေရှင်းပေးရန် ဒေသခံ ၂၀ ခန့်က ထိုင်းအစိုးရထံ အချက် ၉ ချက် တောင်းဆို

(နိုင်ငံတကာ) နိုဝင်ဘာ ၁၂

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့တွင် မြစ်ဆိုင်ရေထဲ အဆိပ်သင့်ဓာတုပစ္စည်းနှင့် သတ္တုအဆိပ်များ ပါဝင်ညစ်ညမ်းနေသည့် ပြဿနာကို အမြန်ဆုံးဖြေရှင်းပေးရန် ဒေသခံ ၂၀ ခန့်က နိုဝင်ဘာ ၁၁ ရက်တွင် အချက် ၉ ချက်ပါ တောင်းဆိုစာကို ထိုင်းအစိုးရထံ ပေးပို့ခဲ့ကြောင်း သိရသည်။

မယ်ဆိုင်မြို့နယ် ဆိုင်လုံဂျွိုင်ဒေသခံအဖွဲ့နှင့် RMC 1၊ 2၊ 3 ရေသွင်းစိုက်ပျိုးရေးအဖွဲ့တို့မှ ဒေသခံများသည် နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မယ်ဆိုင်မြို့နယ် အုပ်ချုပ်ရေးရုံးရှေ့၌ စုဝေးခဲ့ကြပြီး မြန်မာနိုင်ငံဘက်ရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများ ရပ်တန့်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူများသည် “သတ္တုတွင်းများ ရပ်တန့်ပါ၊ အဆိပ်အတောက်များ ပျံ့နှံ့ပြီး အသက်ရှင်နေထိုင်မှုကို ဖျက်ဆီးနေသည်” နှင့် “မြန်မာနိုင်ငံက သတ္တုတွင်းများ ရပ်တန့်ပါ” ဟူသည့် စာတန်းများကိုင်ဆောင်ခဲ့ကြပြီး ဒေသခံကိုယ်စားလှယ်များက မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဝရယွတ် ခေါမ်ဘွန်းထံ တောင်းဆိုစာ ပေးအပ်ခဲ့ကြသည်။

ဒေသခံများ၏ အချက် ၉ ချက်ပါ တောင်းဆိုချက်များတွင် ထိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ မယ်ဆိုင်ဒေသသို့ ကိုယ်တိုင်လာရောက်ကာ ပြည်သူများ၏ အခက်အခဲများကို နားထောင်ပေးရန်၊ မြန်မာနိုင်ငံမှ တင်သွင်းနေသည့် သံဖြူ၊ ကြေးနီ၊ ခဲနှင့် မန်းဂနိစ်သတ္တုများ တင်သွင်းမှုကို ရပ်ဆိုင်းရန်၊ သောက်သုံးရေသန့် ထုတ်လုပ်ပေးနိုင်သည့် မော်တော်ယာဉ်များ စေလွှတ်ပေးရန်နှင့် မယ်ခမ်းရေလှောင်တမံ စီမံကိန်းကို အမြန်အကောင်အထည်ဖော်ရန်တို့ ပါဝင်သည်။

ထို့ပြင် စိုက်ပျိုးမြေ ဧက ၆၀,၅၀၀ ခန့်အတွက် ရေအစားထိုးရရှိနိုင်ရေး မြေအောက်ရေတွင်းများ အမြန်တူးဖော်ပေးရန်၊ မြေဆီလွှာ၊ ရေနေသတ္တဝါနှင့် စိုက်ပျိုးရေးထွက်ကုန်များတွင် ပါဝင်နိုင်သည့် သတ္တုအဆိပ်များကို စစ်ဆေးနိုင်မည့် ဓာတ်ခွဲစင်တာတစ်ခု ချင်းရိုင်ခရိုင်၌ ဖွင့်လှစ်ပေးရန်လည်း တောင်းဆိုထားသည်။

အလားတူ ထိုင်း-မြန်မာ နှစ်နိုင်ငံပူးတွဲ ရေထုအရည်အသွေး စစ်ဆေးရေးလုပ်ငန်းများ အမြန်စတင်ရန်၊ နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းနိုင်မည့် အမျိုးသားအဆင့်ကော်မတီ ဖွဲ့စည်းရန်နှင့် မယ်ဆိုင်မြစ်ကမ်းတစ်လျှောက် ရေကြီးရေလျှံမှု ကာကွယ်ရေးအတွက် ဒေသခံများကို နေရာရွှေ့ပြောင်းစရာမလိုဘဲ အမြဲတမ်းရေကာတာ တည်ဆောက်ပေးရန်တို့လည်း ပါဝင်သည်။

မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသခံများ၏ တောင်းဆိုချက်များကို ချင်းရိုင်ခရိုင်ဝန်ကြီးထံ တင်ပြပြီး အထက်အဆင့်ဌာနများသို့ ဆက်လက်အစီရင်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြစ်ဆိုင်သည် နှစ်နိုင်ငံနယ်စပ်ဖြတ်သန်း စီးဆင်းနေသည့် မြစ်ဖြစ်သည့်အတွက် ပြဿနာဖြေရှင်းရာတွင် မြန်မာနိုင်ငံဘက်မှ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းလည်း ရှင်းပြခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်ကလည်း မြစ်ဆိုင်ရေထုညစ်ညမ်းမှု တိုင်းတာချက်များ မြင့်တက်ခဲ့သဖြင့် မယ်ဆိုင်မြို့နယ် ရေပေးဝေရေးဌာနက ရေထုတ်လုပ်ဖြန့်ဖြူးမှုကို ယာယီရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

အဆိုပါနေ့ ညနေ ၅ နာရီခွဲခန့်တွင် ရေထုညစ်ညမ်းမှုအဆင့်မှာ NTU ၁၄,၀၀၀ အထိ မြင့်တက်ခဲ့ပြီး အာဆင်းနစ်ဓာတ်ပါဝင်မှုမှာလည်း သတ်မှတ်စံနှုန်းထက် ကျော်လွန်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရသည်။ ည ၉ နာရီခွဲခန့်တွင် ပြန်လည်တိုင်းတာရာ ပုံမှန်အဆင့်သို့ ပြန်လည်ရောက်ရှိခဲ့သဖြင့် ည ၁၁ နာရီခွဲခန့်တွင် ရေထုတ်လုပ်ဖြန့်ဖြူးမှုကို ပြန်လည်စတင်နိုင်ခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရကွန်းကလည်း နိုဝင်ဘာ ၁၆ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာန အကြီးအကဲနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကို မယ်ဆိုင်ဒေသသို့ စေလွှတ်ကာ ပြဿနာများကို လေ့လာဖြေရှင်းရန် တာဝန်ပေးထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

ထို့အပြင် နိုဝင်ဘာ ၁၂ ရက်တွင်လည်း ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖောင်ကက်ကဲဝ်ကို မြန်မာနိုင်ငံဘက်မှ သက်ဆိုင်ရာခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ဝန်ကြီးချုပ်က တာဝန်ပေးထားကြောင်း သိရသည်။

ဒေသခံများသည် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ရှင်းလင်းပြောကြားချက်ကို ကျေနပ်မှုရှိကြောင်း ပြောဆိုခဲ့ကြပြီး မွန်းလွဲ ၂ နာရီခန့်တွင် စုဝေးမှုကို ငြိမ်းချမ်းစွာ အဆုံးသတ်ခဲ့ကြသည်။

Telegram – t.me/positiveanglenews

#PAN