ပဲခူးဘူတာ၌ အာဖရိကငါးခူ ၃,၉၇၁ ပိဿာခန့် ဖမ်းဆီးရမိပြီး သုံးဦးကို အရေးယူရန် စီစဉ်

(မှုခင်း) နိုဝင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဇိုင်းမြောက်ရပ်ကွက်ရှိ ပဲခူးဘူတာ၌ ရန်ကုန်-မော်လမြိုင် အဆန်ရထားဖြင့် တရားမဝင် သယ်ဆောင်လာသည့် အာဖရိကငါးခူ ၃,၉၇၁ ပိဿာခန့်ကို သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်လာသူ သုံးဦးကို ငါးလုပ်ငန်းဥပဒေဖြင့် အရေးယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီခန့်တွင် ပဲခူးဘူတာ၌ ရန်ကုန်မှ မော်လမြိုင်သို့ မောင်းနှင်လာသည့် အမှတ် (၈၁) အဆန် လူစီးရထားပေါ်တွင် တရားမဝင် ငါးခူများ သယ်ဆောင်လာကြောင်း သတင်းအရ ပဲခူးမြို့နယ်ရဲတပ်ဖွဲ့၊ အမှတ် (၁၁) ရထားရဲတပ်ဖွဲ့စုနှင့် ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဘူတာအတွင်း စောင့်ဆိုင်းစစ်ဆေးခဲ့သည်။

စစ်ဆေးရာ နံနက် ၉ နာရီ ၁၄ မိနစ်တွင် ဘူတာသို့ ဆိုက်ရောက်လာသည့် အမှတ် (၈၁) အဆန်ရထား၏ နောက်ဆုံးကုန်တင်တွဲအတွင်းမှ အာဖရိကငါးခူများ ထည့်သွင်းထားသည့် ၁၀ ဂါလံဝင် ပလတ်စတစ်ပုံး ၃၆၁ ပုံးကို တွေ့ရှိခဲ့ပြီး စုစုပေါင်းအလေးချိန် ၃,၉၇၁ ပိဿာခန့်၊ ကာလတန်ဖိုး ကျပ် ၂၃,၄၆၅,၀၀၀ ခန့်ရှိကြောင်း သိရသည်။

အဆိုပါ ငါးခူများကို တရားမဝင် သယ်ဆောင်လာသူ မျိုးဇင် (၃၀ နှစ်)၊ သန်းကျော် (၃၁ နှစ်) နှင့် သန်းနိုင်စိုး (၁၉ နှစ်) တို့ သုံးဦးအား ငါးပုံး ၃၆၁ ပုံးနှင့်အတူ အမှတ် (၁၁) ရထားရဲတပ်ဖွဲ့စုတွင် ခေတ္တထိန်းသိမ်းစစ်ဆေးလျက်ရှိပြီး ငါးလုပ်ငန်းဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN