(မှုခင်း) နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နေအိမ်ခြံဝန်းအတွင်းမှ ဆိုင်ကယ်နှစ်စီး ခိုးယူခဲ့သည်ဟု စွပ်စွဲခံရသည့် အမျိုးသားနှစ်ဦးကို ခိုးယူထားသည့် ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်က တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့သည် မြို့ပေါ်ရပ်ကွက်များအတွင်း ခိုးမှုကျူးလွန်သူများအား ဖမ်းဆီးနိုင်ရေး လှည့်ကင်းဆောင်ရွက်နေစဉ် ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆိုင်ဆန်း(၅)လမ်းပေါ်တွင် နံပါတ်မပါသည့် Honda Click 150 ဆိုင်ကယ်တစ်စီးနှင့် Honda Wave I 125 ဆိုင်ကယ်တစ်စီးတို့ကို မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါအမျိုးသားနှစ်ဦးဖြစ်သည့် သက်ခိုင်ဦး(ခ)ရေခဲနှင့် ခန့်ဇော်လင်း(ခ)ဝတုတ်တို့ကို ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူစစ်ဆေးခဲ့ရာ နိုဝင်ဘာ ၅ ရက် နံနက် ၃ နာရီခန့်က ဝိန်းကျောက်ရပ်ကွက်၊ တောကော့တွင်းဘုန်းကြီးကျောင်းလမ်းရှိ နေအိမ်တစ်အိမ်၏ ခြံဝန်းတံခါးသော့ကို သံဖြတ်ကတ်တာဖြင့် ဖြတ်တောက်ကာ နေအိမ်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်နှစ်စီး၏ သော့များကို ဖျက်ဆီးပြီး ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
ဖမ်းဆီးရမိသည့် ဆိုင်ကယ်များမှာ မီးခိုးရောင်၊ အနီနှင့် အနက်ရောင်စပ် Honda Click 150 တစ်စီးနှင့် အဖြူနှင့် အနက်ရောင်စပ် Honda Wave I 125 တစ်စီးတို့ဖြစ်ပြီး သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းထားကြောင်း သိရသည်။
လက်ရှိတွင် ဆိုင်ကယ်ခိုးယူမှုနှင့် ပတ်သက်၍ အဆိုပါအမျိုးသားနှစ်ဦးကို ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN