

(မှုခင်း) အောက်တိုဘာ ၂၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံသား ၃ ဦးအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု (Online Scam) များ ပပျောက်စေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းကာ အထူးအလေးထား နှိမ်နင်းလျက်ရှာ လဲချားမြို့၏ အရှေ့တောင်ဘက် မီတာ ၃၀,၀၀၀ ခန့်အကွာ၊ ဟိုပုံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုနေသည့် ယာယီအလုပ်ရုံတဲ ၁ လုံး၊ ယာယီလူနေတဲကြီး ၁ လုံး၊ ယာယီလူနေတဲ (အသေး) ၁ လုံးနှင့် ယာယီထမင်းချက်ဆောင် ၁ လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။


ယင်းနေရာအား ရှင်းလင်းစစ်ဆေးစဉ် Star Link ၃ လုံး၊ Laptop ၈ လုံး၊ Power Station ၄ လုံး၊ ဖုန်းမျိုးစုံ ၂၀ လုံး၊ Network လိုင်းခွဲစက် ၇ လုံး၊ Network Router ၃ လုံး၊ မီးစက် (အကြီး) ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး အဆိုပါနေရာတစ်ဝိုက်အား ဆက်လက်ရှင်းလင်းစဉ် တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးအား ထပ်မံဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသားများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။