(စီးပွားရေး) အောက်တိုဘာ ၂၂
မြန်မာနိုင်ငံအာမခံဈေးကွက်တွင် အသက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်းများကို ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင်ကုမ္ပဏီများနှင့် နိုင်ငံပိုင်မြန်မာ့အာမခံလုပ်ငန်းအပါအဝင် စုစုပေါင်း အာမခံကုမ္ပဏီ ၂၇ ခုဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အာမခံကုမ္ပဏီ ၂၇ ခုတွင် ပြည်တွင်းပုဂ္ဂလိက အသက်အာမခံကုမ္ပဏီ ကိုးခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ သုံးခု၊ ရာနှုန်းပြည့် နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီ ငါးခု၊ ပြည်တွင်းပုဂ္ဂလိက အထွေထွေအာမခံကုမ္ပဏီ ခြောက်ခုနှင့် ဖက်စပ်အထွေထွေအာမခံကုမ္ပဏီ သုံးခု ပါဝင်သည်။
ထို့ပြင် အသက်အာမခံနှင့် အထွေထွေအာမခံ နှစ်မျိုးလုံးလုပ်ကိုင်သည့် နိုင်ငံပိုင်မြန်မာ့အာမခံလုပ်ငန်းလည်း ပါဝင်ကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၄၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂/၂၀၂၆) မှ သိရသည်။
အဆိုပါအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က မြန်မာနိုင်ငံအာမခံဈေးကွက်တွင် နိုင်ငံသားပိုင်၊ ရာနှုန်းပြည့်နိုင်ငံခြားသားပိုင်နှင့် နိုင်ငံသား၊ နိုင်ငံခြားသားဖက်စပ်ပိုင် ကုမ္ပဏီများကို ဟန်ချက်ညီစွာ လုပ်ကိုင်ခွင့်ပြုထားပြီး အာမခံအမျိုးအစားစုံလင်စွာဖြင့် ယှဉ်ပြိုင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် အာမခံကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်သူများအတွက် အာမခံအကာအကွယ် ပိုမိုရရှိစေရေးနှင့် အာမခံအမျိုးအစားသစ်များ တိုးချဲ့လုပ်ကိုင်ခွင့်ပြုရေးတို့ကို ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ အာမခံဈေးကွက် ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ယင်းနောက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူးက ယခင် (၄၀) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို တင်ပြခဲ့သည်။
ယင်းတွင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ အသင်းသားများအတွက် အသက်အာမခံ၊ PRU မေတ္တာအာမခံ၊ AIA တိုးပွားစီမံအာမခံ၊ စိတ်ကြိုက်ဓနတိုး အသက်အာမခံ၊ ပြည်ပပါဆယ်အာမခံနှင့် Daiichi Smart Protect ကျန်းမာရေးအာမခံ စသည့် အာမခံအမျိုးအစားသစ် ခြောက်မျိုး ပါဝင်သည်။
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ၏ အာမခံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံအမျိုးအစား ၇၂ မျိုးကို ခွင့်ပြုထားကြောင်းလည်း သိရသည်။
ထို့အပြင် နိုင်ငံခြားအာမခံကိုယ်စားလှယ်ရုံး ၂၄ ခု၊ အာမခံလျော်ကြေးတွက်ချက်သည့် Adjuster & Surveyors ကုမ္ပဏီ ငါးခု၊ ကော်ပိုရိတ်အာမခံကိုယ်စားလှယ် ၇၀ ဦး၊ တစ်ဦးချင်းအာမခံကိုယ်စားလှယ် ၂၅,၈၁၉ ဦး၊ အာမခံကိုယ်စားလှယ်အရည်အချင်းစစ်စင်တာတစ်ခုနှင့် ဌာနတွင်းအာမခံကိုယ်စားလှယ်သင်တန်းကျောင်း ၂၅ ခုတို့ကိုလည်း ခွင့်ပြုထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN