

(နိုင်ငံတကာ) အောက်တိုဘာ ၂၀
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ဦးနှောက်သွေးယိုစီးမှု ဖြစ်ပွားကာ သတိမေ့မြော သေဆုံးသွားကြောင်း အတည်မပြုနိုင်သည့် ကောလာဟလများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် အဝတ်အထည်နှင့် ဖိနပ်ပြပွဲတစ်ခုသို့ မိသားစုနှင့်အတူ သွားရောက်ကြည့်ရှုကာ လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၉ ရက် (တနင်္လာနေ့) က ကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ အဝတ်အထည်နှင့် ဖိနပ်ပြပွဲသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ဇနီးဖြစ်သူ ရီဆိုလ်ဂျူး (Ri Sol Ju)၊ သမီးဖြစ်သူ ကင်ဂျူးအဲ (Kim Ju Ae) တို့နှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့တွင် မြောက်ကိုရီးယား နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပြပွဲတွင် ကင်ဂျုံအွန်သည် ပြသထားသည့် ပစ္စည်းများကို လေ့လာကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် စကားပြောဆိုနေသည်ကို တွေ့မြင်ရပြီး မြောက်ကိုရီးယားနိုင်ငံ၏ အဝတ်အထည်နှင့် ဖိနပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုကို ချီးကျူးပြောကြားခဲ့ကြောင်းသိရသည်။
မကြာသေးမီ သီတင်းပတ်ကုန်ပိုင်းအတွင်း X (ယခင် Twitter) အပါအဝင် လူမှုကွန်ရက်စာမျက်နှာများ၌ ကင်ဂျုံအွန်သည် ပြင်းထန်သော ဦးနှောက်သွေးယိုစီးမှု ဖြစ်ပွားခဲ့သဖြင့် ဘေဂျင်းမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကာ သေဆုံးသွားပြီဖြစ်ကြောင်း သတင်းအမှားများ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။