မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောက်တိုဘာ ၂၁ ရက် စတင်မည်၊ ပြိုင်ပွဲဝင် ၂,၄၀၀ ကျော် ပါဝင်မည်

(ပြည်တွင်း) အောက်တိုဘာ ၁၉

၂၀၂၆ ခုနှစ် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက်မှ ၂၉ ရက်အထိ နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် ၂,၄၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက၊ နိုင်ငံတော်ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို အောက်တိုဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဒုတိယသမ္မတနှင့်အဖွဲ့သည် ဖွင့်ပွဲအခမ်းအနားနှင့် ဘာသာရပ်အလိုက် ပြိုင်ပွဲများကျင်းပမည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နေပြည်တော်တည်းခိုရေးစခန်းတို့သို့ သွားရောက်ခဲ့ကြသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် အခမ်းအနားအစီအစဉ်အလိုက် ပြင်ဆင်ထားရှိမှု၊ ပြိုင်ပွဲဝင်များ စိတ်အေးချမ်းသာစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ခန်းမများ၊ မီးနှင့်အသံစနစ်များ၊ နေရာထိုင်ခင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများနှင့် အကဲဖြတ်ဒိုင်များ အမှတ်ပေးရာတွင် အဆင်ပြေချောမွေ့စေရေး စီစဉ်ထားရှိမှုတို့ကို စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။

ဒုတိယသမ္မတက ဖွင့်ပွဲအခမ်းအနားသည် ပြိုင်ပွဲတစ်ခုလုံး၏ ပုံရိပ်ဖြစ်သည့်အတွက် အခမ်းအနားအစီအစဉ်များ၊ မီးနှင့်အသံစနစ်များ၊ နောက်ခံ LED Display များ စနစ်တကျရှိစေရေးနှင့် ဖျော်ဖြေရေးအဖွဲ့များ အဆင်ပြေချောမွေ့စွာ တင်ဆက်နိုင်ရေး ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ရန် မှာကြားခဲ့သည်။

ထို့ပြင် ဧည့်သည်တော်များ၏ နေရာချထားရေးနှင့် လုံခြုံရေး၊ ပြိုင်ပွဲဝင်များအတွက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများနှင့် နည်းပညာပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်မှုတို့ကိုလည်း အထူးဂရုပြုဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။

ထို့နောက် နေပြည်တော်တည်းခိုရေးစခန်းနှင့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ (၂) တို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အဖွဲ့များ၊ အကဲဖြတ်ဒိုင်များအဖြစ် ပါဝင်ကူညီမည့် ဝါရင့်အနုပညာရှင်များ တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် နေ့စဉ်အသုံးအဆောင်ပစ္စည်းများ ရရှိရေးအတွက် ပြင်ဆင်ထားရှိမှုများကို စစ်ဆေးခဲ့သည်။

ဒုတိယသမ္မတက တည်းခိုဆောင်များတွင် ရေနှင့်လျှပ်စစ်မီး လုံလောက်စွာရရှိရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အာဟာရပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များ စီစဉ်ပေးနိုင်ရေးတို့ကို မှာကြားခဲ့သည်။

ထို့အပြင် အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုကြောင့် အပူအအေးမမျှတခြင်းနှင့် ရာသီဥတုပြောင်းလဲမှုများ ကြုံတွေ့နိုင်သဖြင့် ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူများနှင့် ဒိုင်အဖွဲ့များ၏ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန်နှင့် လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းပေးရန်လည်း ညွှန်ကြားခဲ့သည်။

ယင်းနောက် ဇာတ်တော်ကြီးပြိုင်ပွဲ ကျင်းပမည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှိ လေဟာပြင်ဇာတ်ရုံသို့ သွားရောက်ကာ ပြိုင်ပွဲဝင်အဖွဲ့များ ကပြယှဉ်ပြိုင်နိုင်ရေး ပြင်ဆင်ထားမှုများနှင့် အကဲဖြတ်ဒိုင်များ၊ လာရောက်ကြည့်ရှုအားပေးမည့် ပြည်သူများအတွက် နေရာထိုင်ခင်း စီစဉ်ထားရှိမှုတို့ကို စစ်ဆေးခဲ့သည်။

ဒုတိယသမ္မတက မြန်မာ့ရိုးရာဇာတ်သဘင်အနုပညာ၏ အဆင့်အတန်းကို ဖော်ညွှန်းသည့် ဇာတ်တော်ကြီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ၏ အနုပညာစွမ်းရည်များ အပြည့်အဝဖော်ထုတ်နိုင်ရေး ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်ထားရန် မှာကြားခဲ့သည်။

ယခုနှစ် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မျိုးဆက်သစ်လူငယ်များအကြား ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့် စိတ်ဓာတ် ပိုမိုထွန်းကားလာရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာများ ဖွံ့ဖြိုးတိုးတက်ရေးတို့အပါအဝင် ဦးတည်ချက် ၄ ရပ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် ၂,၄၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Telegram – t.me/positiveanglenews

#PAN