(ပြည်တွင်း) အောက်တိုဘာ ၁၆
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြန်လည်ပါဝင်ကြရန် KNU၊ CNF နှင့် ABSDF အဖွဲ့တို့ကို ထပ်မံဖိတ်ခေါ်ထားကြောင်း သိရသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၏ ကြေညာချက်အမှတ် ၁/၂၀၂၆ ကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
အဆိုပါဖိတ်ခေါ်မှုတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများသာမက လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများကိုပါ ထည့်သွင်းဖိတ်ခေါ်ထားပြီး လွန်ခဲ့သည့်ငါးနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ခဲ့သည့် KNU၊ CNF နှင့် ABSDF အဖွဲ့တို့ကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ကြရန် ထပ်မံဖိတ်ခေါ်ထားသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီတို့ကို ပြင်ဆင်ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် PDF အမည်ခံအဖွဲ့များအနေဖြင့်လည်း နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြရန် တိုက်တွန်းထားသည်။ ဒီမိုကရေစီကို လိုလားပါက စည်းကမ်းရှိသည့် ဒီမိုကရေစီစနစ်နှင့် အကြမ်းမဖက်သည့် နည်းလမ်းများကိုသာ အသုံးပြုသင့်ကြောင်းလည်း ပြောကြားထားသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုမရှိပါက ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း အဖျက်လုပ်ငန်းများ ဆက်လက်ဖြစ်ပွားနေပါက ရည်မှန်းချက်များ အကောင်အထည်ပေါ်လာမည်မဟုတ်ကြောင်းလည်း ထောက်ပြထားသည်။
ထို့ကြောင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့ဖြစ်လိုသည့်အချက်များကိုသာ ဦးစားပေးတောင်းဆိုနေမည့်အစား ဖြစ်သင့်ဖြစ်ထိုက်သည့်အရာများနှင့် ဖြစ်နိုင်သည့်အရာများကို တွေ့ဆုံဆွေးနွေးအဖြေရှာကာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

Telegram – t.me/positiveanglenews
#PAN